ရန်ကုန်၊ မေ ၁၀
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကပစ ၂၂ မှ ထွက်လာသော တပ်မ ၉၉ ဦးဆောင်သည့် အင်အား ၅၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း မြိုင်ပကဖ ကထုတ်ပြန်သည်။
မေလ ၇ ရက် နံနက် ၁၀ နာရီခန့်က ပေါက်မြို့နယ်၊ ကပစ ၂၂ မှ ထွက်လာသည့် တပ်မ ၉၉ ဦးစီး သော စစ်တပ်စစ်ကြောင်းကို တယ်ပင်ကန်ကျေးရွာအရှေ့တောင်ဘက်အရောက် ကင်းပုန်းဝပ်ပြီး လက်ဦးမှု ရယူပစ်ခတ်တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး စစ်သား ၁၀ ဦး ခန့် လဲကျသေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်တပ် စစ်ကြောင်းမှာ ဖရိုဖရဲဖြစ်သွားသော်လည်း တိုက်ပွဲကြာလာ သည်နှင့်အမျှ အင်အား ၅ ဆခန့် သာလွန်နေသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိစေရန် တဖြည်းဖြည်းချင်း ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း အသိပေးထားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ၊ ပေါက် ပကဖနှင့် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY PDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေရွာကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အထိနာ၍ ပြန်လည် ဆုတ်ခွာသွားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၈ ရက်နေ့တွင် ရေးမြို့နယ်၊ အောင်သပြေရွာ၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသောကြောင့် လက်နက်ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် အထိနာပြီး မေလ ၉ ရက်နေ့ ညနေပိုင်းတွင် ခလရ ၁၀၆ တပ်ရင်းထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
“တိုက်ပွဲမှာ စစ်ခွေးတွေ အထိနာပြီး ခလရ ၁၀၆ တပ်ရင်းထဲကိုပြန်ဝင်သွားပြီလို့ သိရတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးတာတော့ရှိနိုင်ပါတယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေ ကင်းပုန်းတွေကတော့ ကျန်ခဲ့သေးတယ်။ အဲကောင်တွေ ဘယ်အချိန် ပြန်ဆုတ်မလဲတော့ မသိဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။




