27 C
Yangon

မြိုင်မြို့နယ် တွင်းမကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်၍ စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံး၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ၂ ကြိမ် မိုင်းခွဲခံရပြီး ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၂၀

မကွေးတိုင်း၊ မြိုင်မြို့နယ် တွင်းမကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ပါးစေ ပျူစောထီးများကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ မေလ ၁၉ ရက် ည ၉ နာရီခွဲတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ရာ တိုက်ပွဲဖြစ်ပွားပြီး စစ်သားနှင့် ပျူစောထီး ၃ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရကြောင်း ဂဠုန်ပြောက်ကျားတပ်ဖွဲ့-မြိုင်မြို့နယ် က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီနှင့် ပျူစောထီးများသည် ပန်းတိုင်းတောကျေးရွာသို့ စစ်ကြောင်းထိုးကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူပြီး အများပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားသော အဖွဲ့ဖြစ်ကြောင်းနှင့် တိုက်ပွဲမှာ ၁ နာရီခန့် ကြာမြင့်ပြီး ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဂျိုင်းကြားလက်နက်ကြီးတပ်ဖွဲ့၊ ငဘ လက်နက်ကြီးတပ်ဖွဲ့၊ နံ့သာမြိုင် လက်နက်ကြီးတပ်ဖွဲ့ ၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ Myaing Warriors၊ တမာမြေပြောက်ကျားတပ်ဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ မဟူရာအလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ PKU North၊ Earthquake People Defense Force၊ NYSO ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုများစုပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရေစကြိုမြို့နယ်မှ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးသော စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ကားယားကျေးရွာဘက်သို့ ထွက်ခွာလာစဉ် မေလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၀ တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပထမအကြိမ် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း၊ ညောင်ကားယားကျေးရွာအနီးတွင် ဒုတိယအကြိမ် ထပ်မံ မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း MGN 35 ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှု ၂ ကြိမ်ကို MGN 35 ပြောက်ကျားတပ်ဖွဲ့၊ The Value of Young Men (တောင်သာ)၊ 27 Revolution Force၊ Myaung Fighter Defense Force နှင့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖြွ့သည် မြောင်မြို့နယ်နှင့် ရေစကြိုမြို့နယ်များသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ၎င်းတို့ စစ်ကြောင်းထိုးရာလမ်းတလျှောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီဖြစ်ကြောင်း MGN 35 ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – မြိုင်မြို့နယ်၊ တွင်းမကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်စဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article