24 C
Yangon

AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ့နေအိမ်များ ပျက်စီး

Must read

AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ့နေအိမ်များ ပျက်စီး

ရန်ကုန်| ဇန်နဝါရီ ၁၇

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြိုနယ်ကို စစ်တွေမြိုမှာရှိသည့် စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်း၊ ခလရ ၂၀ နှင့် ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ – စစ်တွေ) က လက်နက်ကြီး အလုံး ၄၀ ထက်မနည်းကို ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ ပစ်ခတ်တိုက်ခဲ့ကြောင်း သိရှိရသည်။

“ဇန်နဝါရီလ ၁၅ ရက်နေ့ ညကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ ၁၆ ရက်နေ့ နံနက် ၃ နာရီကျော်မှာလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။ နံနက်ပိုင်း တစ်ပိုင်းလုံးလည်း လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်တယ်ခဲ့တယ်။ လက်နက် ကြီးတစ်လုံးရဲ့ ဒလ လိုယူဆရတဲ့ အပိုင်းအစတစ်ခု စစ်တွေမြိုဈေးကို ကျရောက်ခဲ့တယ်။ ဈေးကို ပိတ်လိုက်ရတယ်။ လူအထိအခိုက်တော့ မရှိခဲ့ဘူး” ဟု စစ်တွေမြိုခံတစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် စပါးထား၊ အောင်ဇေယျ၊ ကန်ချောင်းနှင့် ကျွဲထိုးကျေးရွာကို စစ်ကောင်စီလက်နက်ကြီးများ ကျရောက်ခဲ့ပြီး စပါးထားကျေးရွာမှ နေအိမ် ၉ ဆောင်ပျက်စီးသွားကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုမှာ စစ်တွေမြို့နယ် ဝါဘိုကျေးရွာကို တိုက်ခိုက်ခြင်းဖြစ်ပြီး အဆိုပါကျေးရွာသားများကို စစ်ကောင်စီက ယခင်ကတည်းက နှင်ထုတ်ထား၍ အရပ်သားထိခိုက်မှု မရှိကြောင်း သိရသည်။

စစ်တွေမြို့နယ်တွင် အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုများမရှိဘဲ စစ်ကောင်စီ၏ တစ်ဖက်သက် ပစ်ခတ်တိုက် ခိုက်မှုများသည် တိုက်ပွဲဖြစ်ပွားရန် တွန်းအားပေးနေခြင်းဖြစ်ကြောင်း သုံးသပ်သူတစ်ဦးက ပြောသည်။

“စစ်တွေက စစ်ကောင်စီတပ်ရင်းတွေက တပ်တော်ကို စိန်ခေါ်နေသလိုပဲ။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးတွေနဲ့ ပုဏ္ဏားကျွန်းရော၊ ပေါက်တောမြို့ဘက်ရော ပစ်ခတ်နေတယ်။ တိုက်ပွဲဖြစ်ပွားဖို့တွန်းအားပေးနေသလိုပဲ” ဟု ပြောသည်။

စစ်တွေမြိုနယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့မှာ စစ်ရေးလှုပ်ရှားမှု ပိုလုပ်လာပြီး စစ်ရေးတင်းမာလျက်ရှိနေသည်။

စစ်တွေမြိုနယ် ဝါဘိုကျေးရွာကို အာရက္ခတပ်တော် AA က ထိန်းချုပ်လိုက်ပြီဟု သတင်းထွက်ပေါ်နေသော်လည်း AA က အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်က စစ်တွေမြိုအဝင် မင်းချောင်းတံတားကို မိုင်းခွဲဖျက်ဆီးထားခဲ့ပြီး အနီးအနားကျေးရွာများတွင်လည်း တပ်ဖြန့်ထားကြောင်း သိရသည်။

ဓာတ်ပုံ- ပုဏ္ဏားကျွန်းမြို့နယ်သို့ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ပြည်သူ့နေအိမ်တချို့ မီးလောင်နေစဉ်။ (Photo- APM)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article