ရန်ကုန်၊ မေ ၂၁
စစ်ကိုင်းတိုင်း ကနီမြို့နယ် နတ်ကြီးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁၉ ရက်နေ့၌ ဝင်ရောက် စီးနင်းမီးရှို့စဉ် ခုခံ တိုက်ခိုက်ရင်း ဒေသခံ ကာကွယ်ရေး ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
အကြမ်းဖက် စစ်အား ခုခံ တိုက်ခိုက်ရင်း ကနီမြို့နယ် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း ၂ မှ ဒုတပ်စိတ်မှူး မောင်မျိုးသန့်စင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က နတ်ကြီးရွာသား ပြည်သူ ၂ ဦးဖြစ်သည့် ကိုဌေးနိုင်ဝင်းနှင့် ကိုကျော်မျိုးတို့ကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
“မနေ့က တိုက်ပွဲမှာ ရဲဘော်တစ်ဦးကျပြီး ပြည်သူနှစ်ဦး အသတ်ခံလိုက်ရတယ်။ တစ်ဦးက ကိုဌေးနိုင်ဝင်း အသက် ၄၅ နှစ်နဲ့ ကိုကျော်မျိုး အသက် ၂ဝ နှစ် သူတို့က ပြည်သူတွေ ကနီမြို့နယ် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း ၂ မှ ဒုတပ်စိတ်မှူး ရဲဘော် မောင်မျိုးသန့်စင်လည်း စစ်ခွေးတွေကို ခုခံတိုက်ခိုက်ရင်းကျဆုံးခဲ့တယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
ကနီမြို့နယ်၌ အကြမ်းဖက် စစ်တပ်က မေလ ၁၉ ရက်နေ့တွင် ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းရှိ နတ်ကြီးရွာ၊ ရွာသာရွာနှင့် ဝက်ချောင်းရွာတို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂ဝဝ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။