27.5 C
Yangon

ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် ပြည်ခရိုင် ဒုရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူးသန်းလွင် အပါအဝင် ရဲအရာရှိ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်

Must read

ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် ပြည်ခရိုင် ဒုရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူးသန်းလွင် အပါအဝင် ရဲအရာရှိ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးမှုဖြင့် ဖမ်းဆီးထားသော ပြည်ခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူး သန်းလွင် နှင့် ရဲအုပ် အောင်ကျော်စိုး တို့ကို ထောင်ဒဏ်များချမှတ်လိုက်ကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နေပြည်တော် ရဲချုပ် ဦးစီးသော ရဲအထူးတရားရုံးက ပြည်ခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့်ကို ထောင် ဒဏ် ၁၀ နှစ် ၊ ပန်းတောင်းမြို့နယ်မှူး ရဲမှူး သန်းလွင်ကို ထောင်ဒဏ် ၇ နှစ် နှင့် ရဲအုပ်အောင်ကျော်စိုး ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်သည်။

အဆိုပါ ရဲအရာရှိ ၃ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး အရေးယူသော်လည်း မြေပြင်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက် ကားမှု အကြီးအကျယ် လုပ်ဆောင်နေသော မူးယစ်ဂိုဏ်းများကို စစ်တပ်က ဖမ်းဆီးခြင်းမရှိကြောင်း သိရှိရသည်။

“ပြည် ခရိုင်ဒုရဲတပ်ဖွဲ့မှူးကို ၁၀ နှစ်၊ ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးကို ၇ နှစ်နဲ့ ရဲအုပ် အောင်ကျော်စိုးကို ၆ နှစ်ကို ရဲစည်းကမ်း ဥပဒေနဲ့ အမိန့်ချလိုက်တယ်လို့သိရတယ်။ နောက်ထပ် ဆေးမှုနဲ့ အမှုထပ်ရင်ဆိုင် ရဦးမယ်လို့လည်းသိရတယ်။ ဘယ်နှစ်မှုကျန်သေးလဲတော့ မသိသေးဘူး။ စစ်ခွေးတွေက မြေပြင်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာတွေ အကြီးအကျယ် လုပ်နေတဲ့ သူတွေကိုတော့ မဖမ်းဘူး။ ရဲ ၃ ဦးကိုပဲ ငွေကြေး ခွဲဝေတာတွေ ပြဿနာဖြစ်ပြီး ဖမ်းတာ” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဇွန် ၁၆ ရက်နေ့ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရွှေပြည်သာကျေးရွာတွင် တန်ဖိုးငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၁ ဒသမ ၆ သိန်း ကို စစ်ကောင်စီက ဖမ်းဆီးရရှိပြီးနောက် အဆိုပါ မူးယစ်ဆေးဝါးသယ်ယူမှုတွင်ပါဝင်သော ရဲအရာရှိ ၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်ခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်၊ ပန်းတောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်နိုင်နှင့် ရဲအုပ်ဗလအောင်ကျော်စိုးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရဲချုပ် ဦးဆောင်ပါဝင်သော ရဲအထူးတရားရုံးဖြင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှီရသည်။

ဓာတ်ပုံ- ထိပ်ဆုံးတွင် ထိုင်နေသူမှာ မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် ထောင်ဒဏ်ချမှတ်ခံလိုက်ရသော ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းလွင်ဖြစ်သည်။(ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article