ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် ရွှေဘိုမြို့ ခလရ ၄၂ တပ်ရင်းမှ အင်အား ၅၀ ကျော်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်ခွာလာပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၄ နာရီကျော်ခန့်တွင် ကျွန်းတောဘက်ကမှ တဆင့် ကင်းဗျားရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကင်းဗျားရွာ အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားသော နေရာကို အကြမ်းဖက် စစ်တပ်၏ ရွှေဘိုမြို့ ခလရ ၄၂ တပ်ရင်းမှလည်း ၁၂၂ မမ လက်နက်ကြီးများဖြင့် ဆက်တိုက် ရမ်းသမ်း ပစ်ကူပေးခဲ့ကြောင်းသိရှိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာနေ ပြည်သူများကို ရွာထဲမှ ကယ်ထုတ်ပြီး ဘေးလွတ်ရာကို ခေါ်ဆောင်သွားခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ ဆုတ်ခွာသွားသောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကင်းဗျားရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ စထွက်လာတာက ခလရ ၄၂ တပ်ရင်းကနေ အင်အား ၅၀ ကျော်ခန့်နဲ့ ၁၈ ရက်နေ့ ညပိုင်းမှာ စထွက်လာတာလို့ သိရတယ်။ ၁၉ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီကျော်ခန့်မှာ ကျွန်းတောဘက်ကနေတဆင့် ကင်းဗျားရွာကို လက်နက်ကြီးတွေပစ်ခတ်ပြီး ဝင်စီးတာပေါ့။ ကင်းဗျားရွာဘက်ကို လက်နက်ကြီး ပစ်ခတ်ဝင်လာစဥ် ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်လောက်ဖြစ်ပွားခဲ့သေးတယ်။ နာရီဝက် အကြာမှာ ခလရ ၄၂ တပ်ရင်းကနေ ၁၂၂ မမ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ကူလို့ ကင်းဗျားရွာခံပြည်သူတွေကို ကာကွယ်ရေးအဖွဲ့တွေက ဆွဲထုတ်ပြီး ဘေးလွတ်ရာကိုဆုတ်ခွာခဲ့ရတယ်။ စစ်ခွေးတွေက ကင်းဗျားရွာထဲက အမက စာသင်ကျောင်းဝင်းအတွင်းက အဆောင်အဦး တစ်လုံး၊ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။
အဆိုပါ ကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရွှေဘိုမြို့ဘက်ကို ပြန်လည် ဆုတ်ခွာသွားပြီး ကင်းဗျားရွာအနီးရှိ မင်းကုန်းရွာတွင် ခလရ ၄၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများ အထိုင်ချတပ်စွဲထားသေးကြောင်း သိရသည်။