ပခုက္ကူမြို့နယ် ခလရ ၂၅၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၁၀၀ နှင့် ဖုန်း ၁ လုံး ဆုချီးမြှင့်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ခလရ ၂၅၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့က ပြောဆိုသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်းတွင် ပခုက္ကူမြို့နယ် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုဆောင်းခံရသော ကို ဝင်းဆန်းထွေး သည် ထွက်ပြေးလာပြီး Burma Revolution Rangers တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်ရောက်လာသော တပ်သားသစ် ကို ဝင်းဆန်းထွေး သည် MA1 သေနတ် ၁ လက်၊ MA2 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက် နှင့် 5.56 ကျည် ၁၂၀ တောင့်တို့ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။
ထိုသို့ သေနတ် ၂ လက်နှင့် ကျည်များ ယူဆောင်လာသောကြောင့် Burma Revolution Rangers တပ်ဖွဲ့က ဆုငွေ သိန်း ၁၀၀ နှင့်Redmi Note 13Pro ဖုန်း ၁ လုံး ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်မှ အရာရှိ အရာခံ ဗိုလ်များ၊ တပ်သားများနှင့် ပျူစောထီးများ အနေဖြင့် အမြင်မှန်ရကာ အကြမ်းဖက် စစ်တပ်လက် အောက်တွင် မနေဘဲ Burma Revolution Rangers တပ်ဖွဲ့တွင် ဖြစ်စေ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များတွင် ဖြစ်စေအလင်းဝင်ရောက်ကြရန် တိုက်တွန်းထားသည်။