တောင်သာမြို့နယ်၊ ညောင်ချောင်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တောင်သာမြို့နယ်၊ ညောင်ချောင်းရွာ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း နေအိမ် ၂ လုံးပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာနေ ပြည်သူများသည် ကျေးရွာအတွင်းမှ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ဒီနေ့ ညနေပိုင်းမှာ ညောင်ချောင်းကျေးရွာပေါ်ကို အကြမ်းဖက် စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူပိုင် နေအိမ် ၂ လုံးပျက်ဆီးသွားတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ အိမ်မွေး ခွေး ၂ ကောင်တော့ သေဆုံးတယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။