ဘီးလင်းနှင့်ကျိုက်ထိုတို့တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှု တို့ကြောင့် ပြည်သူ ၇ ဦး ဒဏ်ရာရရှိပြီး နေအိမ်နှင့်စာသင်ကျောင်းများ ပျက်စီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၈
မွန်ပြည်နယ်၊ ဘီးလင်းနှင့်ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက် နက်ကြီး ပစ်ခတ်မှု တို့ကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်နှင့်စာသင်ကျောင်းများ ပျက်စီးကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၂ နာရီမှ နံနက် ၃ နာရီ ၃၀ မိနစ် အချိန် အထိ ဘီးလင်းမြို့နယ်၊ ရွှေလောင်းအင်းအုပ်စု၊ နတ်ကြီးရွာ၊ ရှမ်းစုဘက်ခြမ်းသို့ စစ်ကောင်စီက Y-12 လေယာဥ်ဖြင့် ၆ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စောဖိုးတရုပ် ၊ စောဖားချေ တို့၏ အိမ် ၂ လုံး ထိမှန်ပျက်စီးကြောင်း၊ ထို့ပြင် အစူးချောင်းရွာမှ စာသင်ကျောင်း ၁ လုံး ဗုံးသီးကျည်စထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန် ကျိုက်ထိုမြို့နယ်၊ စစ်ကောင်စီ၏ အမှတ် ၃၁၀ အ မြောက် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ခရွဲကျေးရွာအုပ်စု မီးရထားလမ်းကျောက်မိုင်းအနီး ရော်ဘာခြံတွင် လက် နက်ကြီး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါလက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ရော်ဘာခြံအလုပ်သမား အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ခမရ ၂၀၇ က ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု သုံးခွရွာသို့ ဒရုန်းဗုံးများ ကျဲချခဲ့ကြောင်း ၊ ဒရုန်းဖြင့် ဗုံးသီးကျဲချမှုကြောင့် ဒေသခံ ၅ ဦး ထိမှန်ဒဏ်ရာရ၍ နေအိမ် ၁ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကောင်စီ၏ ကမမောင်းတပ်စခန်းမှ အသေခံ ဒရုန်း ၅ စင်း လွှတ်တင်ခဲ့ရာ ဘီးလင်းမြို့နယ် ၊တာအိုခီးကျေးရွာအုပ်စု၊ဒေါင်းဇံကြီးကျေးရွာ၊ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီအချိန် စစ်ကောင်စီ၏ ကမမောင်းတပ်စခန်းက အသေခံဒရုန်း ၁ စင်း ထပ်မံ လွှတ်တင်ခဲ့ရာ ဒေါင်းဇံကြီးရွာဘေးသို့ ကျရောက်ပြီး ပေါက်ကွဲမှု မရှိခဲ့ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/476290911_986359986924941_5343519031047873585_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476501531_986359863591620_4829661472053454227_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476811448_986359916924948_3533053478507985706_n.jpg)