ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာ လှေဆိပ်တွင် ရိက္ခာသယ်နေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာ လှေဆိပ်တွင် ရိက္ခာသယ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်း (Taung Nyo Column – P29906) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းမှ အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ညောင်ခြေထောက်ရွာရှိ လှေဆိပ်တွင် ရိက္ခာ လာရောက်သယ်ယူနေစဉ် တောင်ညိုစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၄ ဦး ထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ကားတစ်စီးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို ပြင်းထန် ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် ၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ တောင်ညိုစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ခမရ ၅၉၈ တပ်ရင်းက အင်အား ၄၀ နဲ့ ညောင်ခြေထောက်ရွာမှာရှိတဲ့ လှေဆိပ်ကို ရိက္ခာ လာရောက် သယ်ယူတုန်း တောင်ညိုစစ်ကြောင်း နှင့် ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၂ ကောင်ပွဲချင်းပြီးသေပြီး ၄ ဦးထက်မနည်း ဒဏ်ရာ အပြင်းအထန် ရရှိတယ်။ ကား ၁ စီးလည်း ပျက်စီးတယ်။ အပြင်းအထန် ဒဏ်ရာရတဲ့ ကောင်တွေကို ဆေးရုံ ပို့တဲ့ လမ်းမှာပဲ ၃ ဦး သေဆုံးတယ်” ဟု တောင်ညိုစစ်ကြောင်း (Taung Nyo Column – P29906) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
![](https://yktnews.com/wp-content/uploads/2025/02/477628776_987199150174358_2412588392600325283_n.jpg)