သိမ်ဇရပ်မြို့ရှိ ခမရ ၂၀၇ တပ်ရင်း အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စလင်းမြို့နယ်ရှိ စစ်တပ် ကင်းစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ရှိ ခမရ ၂၀၇ တပ်ရင်း အပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကဝမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သိမ်ဇရပ်မြို့ရှိ ခမရ ၂၀၇ တပ်ရင်းနှင့် ဟိန်းမြန်မာ ကျောက်မိုင်းအနီးရှိ ကာကင်းစခန်းတို့၌ အကြမ်းဖက် စစ်ကောင်စီတပ်သားများ အင်အားဖြည့်တင်းထားကြောင်း သတင်းရရှိ၍ အင်းတကော်မြို့ ပကဖ (ဒရုန်းအဖွဲ့) နှင့် ဝေါမြို့နယ် ပကဖ တို့က ဒရုန်းဖြင့် ဗုံးကျဲပြီး ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် KNU/KNLA ဦးဆောင်၍ ကျိုက်ထို ပကဖ ၊ သိမ်ဇရပ် ဒေသ ကာကွယ်ရေးတပ်ဖွဲ့နှင့် ကဝမြို့နယ် ပကဖ ဒရုန်းအဖွဲ့တို့က ဟိန်းမြန်မာကျောက်မိုင်းတွင် အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး တိုက်ခိုက်မှုဖြစ်ပွားရာနေရာကို လူနာတင်ကား ၂ စီး အချိန်အပိုင်းခြားဖြင့် ဝင်ရောက်သွားကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ် သစ်ခေါက်တောင်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီး တပ်သားများ ကင်းပုန်းဝပ်နေစဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Peacock Brother Urban Guerrilla အဖွဲ့က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စလင်းမြို့နယ် သစ်ခေါက်တောင်ကျေးရွာရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ကင်းစခန်းအနီး ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲသည် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အကြမ်းဖက် စစ်တပ် ဘက်မှ ၆၀ မမ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့နှင့် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
