29 C
Yangon

စစ်ကောင်စီက ရုရှားသို့ အလုပ်သမားစေလွှတ်နိုင်ရေး နှစ်နိုင်ငံ MoU ထိုးနိုင်ရန် အေဂျင်စီများနှင့် ဘာသာစကားသင်တန်းကျောင်းကို ခေါ်ယူညှိနှိုင်း ၊ ပြည်ပသို့ အလုပ်သမားများ သွားရောက်ခွင့် ၁၁ ရက်ကြာအထိ ဆက် ပိတ်ထား

Must read

စစ်ကောင်စီက ရုရှားသို့ အလုပ်သမားစေလွှတ်နိုင်ရေး နှစ်နိုင်ငံ MoU ထိုးနိုင်ရန် အေဂျင်စီများနှင့် ဘာသာစကားသင်တန်းကျောင်းကို ခေါ်ယူညှိနှိုင်း ၊ ပြည်ပသို့ အလုပ်သမားများ သွားရောက်ခွင့် ၁၁ ရက်ကြာအထိ ဆက် ပိတ်ထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အကြမ်းဖက် စစ်ကောင်စီက ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားစေလွှတ်နိုင်ရေး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာMoU ထိုးနိုင်ရန် အေဂျင်စီများနှင့် ဘာသာစကားသင်တန်းကျောင်းများကို ခေါ်ယူညှိနှိုင်းကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ သတင်းထုတ် ပြန်ချက်နှင့် ပြည်ပအလုပ်အကိုင်အေဂျင်စီများ၏ ပြောဆိုချက်အရ သိရှိရသည်။

ယမန်နေ့ နေပြည်တော်တွင် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး ချစ်ဆွေက ပြည်ပအလုပ်အကိုင် အေဂျင်စီများ၊ ARA Academy ရုရှားဘာသာစကားကျွမ်းကျင်မှု သင်တန်းကျောင်းတို့ကို ခေါ်ယူညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။

မြန်မာအလုပ်သမားများကို ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးမည်ဖြစ်ပြီး အလုပ်ရှင်နှင့်အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း၊ ယင်းသို့ ဆွေးနွေးရာတွင် သက်ဆိုင်ရာ နိုင်ငံများမှ ထုတ်ပြန်ထားသည့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ ရရှိစေရေး၊ စေလွှတ်မည့်နိုင်ငံတွင် လုပ်ငန်းခွင် အန္တရာယ်ဘေးကင်းစေရေး သတ်မှတ်အလုပ်ချိန်နှင့် ကျွမ်းကျင်မှုအလိုက် လုပ်ခလစာ ရရှိရေး၊ အလုပ်သဘောတူစာချုပ် ခိုင်မာရေး၊ ပြည်ပနိုင်ငံများမှ ရရှိသော လုပ်ခလစာများကို ပြည်တွင်းရှိ မိသားစုများထံသို့ စနစ်တကျ လွှဲပို့နိုင်ရေး အတွက် ဆွေးနွေးကြကြောင်း သိရှိရသည်။

“ရုရှားကတော့ Zero Cost လို့ သိရတယ်။ နှစ်နိုင်ငံ MoU နဲ့ ရုရှာနိုင်ငံဆီ အလုပ်သမားလွှတ်မှာမို့ အလုပ်သမားဘက်က ပြည်ပအလုပ်အကိုင်ဝန်ဆောင်ခစရိတ် ပေးစရာမလိုဘူးလို့ သိရပါတယ်။ ရုရှားမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေဆီကို အဓိကထားပြီး ပို့ဖို့ရှိနေတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီက ရုရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်နိုင်ရေး လုပ်ဆောင်နေသော်လည်း အခြားတစ်ဖက်တွင်မူ ပြည်ပသို့ အလုပ် သမားစေလွှတ်ရာတွင် အဓိကကျသည့် ပြည်ပအလုပ်သမားသက်သေခံကတ် OWIC များကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ပိတ်ထားကာ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အထိ ၁၁ ရက်ကြာ ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

“OWIC ကတ် ထုတ်ပေးတာတွေက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ပြန်ဖွင့်ပေးမယ်ပြောလိုက်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဖွင့်ပေးမယ်ပြောလိုက်နဲ့ အခုထက်ထိ မဖွင့်ပေးသေးဘူး။ ညွှန်ကြားချက် အသစ်ထွက်မယ်ဆိုပြီးတော့လည်း ထွက်မလာဘူး။ အလုပ် သမားတွေက လေယာဉ်လက်မှတ် ဖြတ်ထားပြီးသားတွေ အကုန် တိုင်တွေပတ် ဒုက္ခတွေ ရောက်နေကြတယ်။ ပြည်ပ အလုပ် သမားတွေ ပြည်ပထွက်လို့မရအောင် လုပ်ထားတယ်” ဟု ဂျပန်နိုင်ငံသို့ ကျွမ်းကျင်အလုပ်သမားများ စေလွှတ်နေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ချစ်ဆွေကို အလုပ်သမားဝန်ကြီးအသစ် အဖြစ် ပြောင်းလဲ ခန့်အပ်ပြီးနောက် ပြည်ပသို့ အလုပ်သမားစေလွှတ်ရေး ပိတ်ပင်မှုများ လုပ်ဆောင်နေကာ စည်းမျဉ်းစည်းကမ်းနှင့် ကန့်သတ်ချက်အသစ်များ ချမှတ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးသစ် ချစ်ဆွေနှင့် ဝန်ကြီးဌာန အရာရှိတစ်ဦး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article