36.9 C
Yangon

ပခုက္ကူနှင့် လွိုင်ကော်တွင် စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ပခုက္ကူနှင့် လွိုင်ကော်တွင် စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ မတ် ၂

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ တပ်မ ၁၀၁ မှ စစ် သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၁ ရက်နေ့က ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ၌ တာဝန်ကျနေသော စစ်မှုထမ်း စစ်သား မျိုးမင်းအောင်သည် ၎င်းကိုင်ဆောင်သော MA-1 အမျိုးအစား သေနတ် ၁ လက် ၊ MA ကျည် ၆၀ တောင့် ၊ ကျည်ဘောက် ၃ ခုတို့အတူ ထွက်ပြေးလာပြီး မြိုင်ပကဖ ၊ တပ်ရင်း၁ ၊ တပ်ခွဲ ၂ ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ထံသို့ ဆက်သွယ်ကာ အလင်းဝင် ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သူ မျိုးမင်းအောင်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း တံတား၌ ယာဉ်မောင်းနေစဉ် စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ စစ်သားများက ပေါ်တာဆွဲဖမ်းဆီး ကာ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ သို့ ပို့ဆောင်ခြင်းခံရသူဖြစ်ကြောင်း သိရသည်။

ပခုက္ကူခရိုင်အတွင်းရှိ စစ်သား၊ ပျူစောထီး၊ ရဲနှင့် ပြည်သူ့စစ်များအနေဖြင့် မြိုင်ပကဖထံ အလင်းဝင် ရောက်လိုပါက နီးစပ်ရာ မြိုင်ပကဖတပ်ဖွဲ့များထံ ချိတ်ဆက်နိုင်ပြီး အလင်းဝင်ရောက်လာသူ မည်သူ့ ကို မဆို အမြဲတမ်းကြိုဆိုလျက်ရှိကြောင်း အသိပေးထားသည်။

အလားတူ ကရင်နီပြည်နယ်၊ လွိုင်‌ကော်မြို့နယ် ဘောလခဲ အခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Loikaw Local PDFမှ ဗဟို ပြန်ကြားရေး တာဝန်ခံ လင်းလင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁ ရက် နေ့တွင် လွိုင်ကော်မြို့နယ် ဒေသ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံ လွိုင်‌ကော်မြို့နယ် ဘောလခဲ အခြေစိုက် ခမရ ၄၂၉ တပ်ရင်း မှ စစ်မှုထမ်း တပ်သား သစ် ၁ ဦးသည် MA – 1 သေနတ် ၁လက် ၊ ခဲယမ်း ၊ ကျည်ဘောက် နှင့် အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်သားသည် အကြမ်းဖက် စစ်တပ် ၏ စစ်မှုထမ်း အပတ်စဉ် ၄ သင်တန်းဆင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ အတင်းအဓမ္မ လူသစ်စုဆောင်းခံသူ ဖြစ်ကြောင်း၊ လွိုင်ကော်မြို့နယ် ဒေသ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့်လည်း အလင်းဝင်ရောက်ခို လှူံလာသော တပ်သားများကို လုံခြုံ သောနေရာတွင် ထားရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ဂုဏ်ပြုဆုတော့ မချီးမြှင့်ပါဘူး။ မချီးမြှင့်နိုင်ဘူး။ ကျွန်တော်ဆီကို ခိုလှုံလာတဲ့ CDM တွေကိုတော့ကျွန်တော်တို့ လုံခြုံမှု အပြည့်ပေးတယ်။သူတို့ ရွေးချယ်မှုတွေကို ကျွန်တော်တို့ စီမံပေးပါတယ်။ပြီးတာနဲ့ သူတို့ ပြည်သူ့ရင်ခွင်ကို ကျွန်တော်တို့ နွေးထွေးစွာ ချိတ်ဆက်ပေးပါတယ်။ လောလောဆယ် အခြေအနေရကတော့ ကျွန်တော်က သူတို့ မြို့နယ်တွေကို မပြောသေးဘူး။ အတင်းအဓ္ဓမခေါ်ဆောင်ခံရတယ်လို့ ကျွန်တော်တို့ သိထားရတယ်။ အပတ်စဉ် ၄ ဆိုတော့ ဟိုပုံး စစ်သင်တန်းကျောင်းကလို့ သိရတယ်။ ဟိုပုံးကလို့ သိရတယ် “ဟု Loikaw Local PDFမှ ဗဟို ပြန်ကြားရေး တာဝန်ခံ လင်းလင်း ကပြောဆိုသည်။

ထို အလင်းဝင်လာသော တပ်သားကိုလည်း နွေးထွေးစွာ ကြိုဆိုကြောင်းနှင့် တပ်သားများ၏ ဆန္ဒ အလျောက် လွတ်လပ်စွာ ရွေးချယ်ခွင့်များကိုလည်း အလေးပေး ဆောင်ရွတ်သွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များထံ ဝင်ရောက်ခိုလှူံပူးပေါင်းလာကြမည့် ပြည်သူ့စစ်မူထမ်းများ ၊ အရာရှိစစ်သည် ရဲဘော် ၊ အောက်ခြေ ရဲဘော်များ ၊ Non CDM ဝန်ထမ်းများကို နွေးထွေးစွာ ကြိုဆိုလျက် ရှိပြီး လုံခြုံစိတ်ချမှု နှင့် ၎င်းတို၏ စိတ်ဆန္ဒ အ‌လေးထား၍ ကာကွယ်စောက်ရှောက်သွားမည်ဖြစ်ကြောင်း Loikaw Local PDF က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article