NUG မှ နုတ်ထွက်သည့် တပ်ရင်းတချို့ရှိနေချိန် MOD လက်အောက်သို့ ဝင်ရောက်ရန် လျှောက်ထားနေသည့် တပ်ရင်းများစွာ ရှိနေ၊ ဖေဖော်ဝါရီအတွင်း ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားနှင့်ရဲ ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ
ရန်ကုန်၊ မတ် ၄
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်မှ နုတ်ထွက်သည့် တပ်ရင်းတချို့ရှိသကဲ့သို့ MOD လက်အောက်သို့ ဝင်ရောက်ရန် လျှောက်ထားနေသည့် တပ်ရင်းများစွာရှိနေကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
ယနေ့ ထုတ်လွှင့်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၅/၂၀၂၅) အစီအစဉ်တွင် ၎င်းက အထက် ပါ အတိုင်း ပြောဆိုခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှု (Chain of Command) အောက်မှ တပ်ရင်းအချို့နုတ်ထွက်ကြနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုရာတွင် MOD အနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ မတရားအုပ်စိုးမှု လက်အောက်မှ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ရည်ရွယ်ချက်တူ တော်လှန်ရေးအင်အားစုတွေ အားလုံးနှင့် ပူးပေါင်းပြီး မဟာဗျူဟာမြောက် စစ်ရေးဖော်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လိုအပ်ချက်အရ တပ်ပြောင်းတပ်ရွှေ့ပြုလုပ်ရပြီး စစ်ရေးဖော်ဆောင်မှုအခြေအနေကိုလိုက်၍ လက်နက်တပ်ဆင်ရကြောင်း၊ ယင်းအခြေအနေတွင် လိုက်ပါ ဆောင်ရွက်နိုင်ခြင်း မရှိ၍ ဖြစ်စေ အခြားသော အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ MOD ၏ Chain of Command အောက်မှ နုတ်ထွက်သွားကြသည့် တပ်ရင်းအချို့ရှိနေကြောင်း၊ သို့ရာတွင် MOD ၏ Chain of Command အောက်တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် တပ်ရင်းများစွာရှိနေပြီး ကွပ်ကဲမှုအောက်သို့ ဝင်ရောက်လို၍ တပ်ရင်းလျှောက်ထားမှုတွေလည်း များစွာ ရှိနေကြောင်း ၎င်းက ပြောဆိုသည်။
“တပ်ရင်းတွေထွက်တာကိုပဲ Highlight လုပ်နေကြလို့ COC အောက်လုပ်နေတဲ့ တပ်ရင်းတွေနဲ့ COC အောက်ဝင်ချင်တဲ့ တပ်ရင်းတွေ အများကြီးရှိနေတယ်။ တပ်ရင်းအရေအတွက်ကတော့ ပြောလို့ မရဘူး” ဟု ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ယခု ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သား၊ ရဲ ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ပြီး လက်နက်မျိုးစုံ ၄၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင် အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း များ၊ ပကဖများကို ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုံခဲ့သူ စစ်ကောင်စီတပ်မှ အရာရှိ အဆင့် ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၆၄ ဦးရှိကြောင်း၊ ၎င်းတို့ လက်နက်နှင့်တကွ ခိုလှုံလာ သူ ၄၅ ဦး ရှိကြောင်း သိရသည်။
ပြည်သူ့ရင်ခွင်ခိုလှုံဝင်ရောက်လာသူများမှာ ဗိုလ်မှူး ၁ ဦး၊ ရဲတပ်ကြပ် ၁ ဦး၊ စစ်တပ်မှ ဒုတပ်ကြပ် ၂ ဦး ၊ ရဲတပ်ဖွဲ့မှ ရဲဒုတပ်ကြပ် ၂ ဦး၊ စစ်တပ်မှ တပ်သား ၂ ဦး၊ ရဲတပ်ဖွဲ့မှ ရဲတပ်သား ၂ ဦး၊ စစ်မှုထမ်း တပ်သား ၃ ဦး၊ ပျူစောထီး ၁၅ ဦး နှင့် SNA ၅ ဦး တို့ဖြစ်ကြောင်း သိရသည်။
ထို့သို့ ပြည်သူ့ရင်ခွင် ခိုလှုံဝင်ရောက်လာသူများ အနက် လက်နက်ယူဆောင်လာသူများကို အမျိုးသား ညီ ညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ် ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် လက်နက်မျိုးစုံ ၄၄ လက်၊ ခဲယမ်း မီးကျောက်များ ရရှိခဲ့ ကြောင်း သိရသည်။
အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စု ဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ ရင် ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်း သား တော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက် တွန်းထားသည်။
