34 C
Yangon

ထားဝယ်မြို့မှ စစ်မှုထမ်း တပ်သားသစ်များ တင်ဆောင်ထားသော ကွန်တိန်နာသင်္ဘောကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ထားဝယ်မြို့မှ စစ်မှုထမ်း တပ်သားသစ်များ တင်ဆောင်ထားသော ကွန်တိန်နာသင်္ဘောကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ မတ် ၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ စစ်မှုထမ်း တပ်သားသစ်များ တင်ဆောင်ထားသော ကွန်တိန်နာသင်္ဘောကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၄ ရက်‌နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ထား၀ယ်မြို့မှ ထား၀ယ် မြစ်ကြောင်းအတိုင်း ကွန်တိန်နာ သင်္ဘောဖြင့် စုန်ဆင်းလာသော စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များ ပို့ဆောင်ရန် လိုက်ပါ လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထား၀ယ်မြစ်ကြောင်းအတွင်း ရေကြောင်း အသုံးပြုသွားလာ‌နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အချိန်မရွေး ၊ နေရာမရွေး ပစ်မှတ်ထား တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ပြောဆိုထားသည်။

ထို့ကြောင့် ထား၀ယ်မြစ်ကြောင်းအတွင်း သွားလာလှုပ်ရှားနေသည့် တံငါသည်များနှင့် ငါးဖမ်းစက်လှေများကို အကြမ်းဖက် စစ်ကောင်စီနှင့် ပက်သက်ဆက်နွယ်ခြင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တင်ဆောင်သွားလာခြင်းများ မပြုလုပ်ကြရန် လောင်းလုံးမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထူးသတိပေး ပြောဆိုထားပြီး အကြမ်းဖက် စစ်တပ်၏ တပ် အရွေ့အပြောင်းအတွက်ဖြစ်‌စေ စစ်ကူပို့ခြင်းအတွက်ဖြစ်စေ စစ်ကောင်စီ တပ်သားများကို တင်ဆောင်သွားလာပါက ပစ်မှတ်ထား တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

“ကွန်တိန်နာပေါ်မှာ တက်လိုက်လာတာ သူတို့ ပုံမှန်သွားနေတဲ့ လှေကျတော့ သိသွားပြီ။ သိသွားပြီဆိုတော့ အဲဒီမှာ ခိုးပြီးလိုက်လာတာ။ လမ်းကနေသွားရင် သူတို့ အပစ်ခံရမှာစိုးလို့ အဲဒီကွန်တိန်နာ သင်္ဘောအပေါ်မှာ လိုက်လာတာပေါ့။ အင်အားကတော့ အကုန်လုံး ၃၀ ကျော် ၄ဝ လောက်တော့ပါတယ်။ ကျွန်တော်တို့ မြင်တာပေါ့။ ခွေးတွေပါတယ်။ သူတို့ လုံခြုံရေးလိုက်လာတဲ့ ခွေးတွေပါတယ်။ ခွေးတွေနဲ့ အပြန်အလှန်ပစ်ခတ်ဖြစ်တာပေါ့။ ခွေးထိခိုက်သေဆုံးမှု စာရင်းကတော့မသိရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဒီ မြိတ်ဘက်ကို သွားမှာဆိုတော့လေ သတင်းမရသေးဘူးဖြစ်နေတယ်။ ဒီကောင်တွေက ရေလမ်းကြောင်းကို အဓိကသုံးနေတာပေါ့။ ကုန်းလမ်းကနေ မသွားရဲတော့ဘူး။ ဒီရေကြောင်းနဲ့ သွားလာပြီး လက်နက်ခဲယမ်း စစ်ကူပေးတာတို့ အကုန်လုံး ဒီရေကြောင်းကိုပဲ အဓိက သုံးနေတာ ဆိုတော့ ကျွန်တော်တို့က ရေကြောင်းကို ဒီကောင်တွေ သုံးလို့မရအောင်၊ ရေကြောင်းတစ်လျှောက်လုံးကို တောက်လျှောက်တိုက်ခိုက်မယ်ပေါ့။ အခုနေစပြီးတော့။ အဲဒီတော့ ဒီ ကျွန်တော်တို့ ထုတ်ပြန်ချက်မှာရေးထားတဲ့ အတိုင်းပဲ။ ရေကြောင်းမှာ သွားနေလာနေတဲ့ ဒီသင်္ဘောတွေရော ဒီငါးဖမ်းစက်လှေတွေရော စစ်ခွေးတွေကို မတင်နဲ့ပေါ့။ တင်ရင်တော့ ကျွန်တော်တို့ တိုက်ခိုက်တဲ့အခါကျရင် သူတို့လည်း ထိခိုက်နစ်နာတာတွေဖြစ် လာနိုင်တယ်။ အဲဒါကြောင့် ကင်းကင်းနေဖို့သတိလိုပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ဆက်လက် ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-DDT အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article