26 C
Yangon

တောင်သာ နတ်စောင့်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး၊ ရုပ်အလောင်းများ အားလုံး မီးလောင်ကျွမ်းသွား၍ အရိုးပြာသာ ကျန်ခဲ့

Must read

တောင်သာ နတ်စောင့်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး၊ ရုပ်အလောင်းများ အားလုံး မီးလောင်ကျွမ်းသွား၍ အရိုးပြာသာ ကျန်ခဲ့

ရန်ကုန်၊ မတ် ၆

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ရုပ်အလောင်းများ အားလုံး မီးလောင်ကျွမ်းသွား၍ အရိုးပြာသာ ကျန်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် နတ်စောင့်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ် ၃၀ ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် ဆယ်နှစ်အောက် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးကာ ပြည်သူ ၃ ဦးမှာလည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပြည်သူများ၏ ရုပ်အလောင်းများကို ကောက်ယူနိုင်ခြင်းမရှိဘဲ မီးလောင်ကျွမ်းသွားကြောင့် အရိုးပြာများသာကျန်ရှိတော့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မီးလောင်ဗုံးများပါ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ယူဆရကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“နတ်စောင့်ရွာကို စစ်ခွေးစစ်ကြောင်းကတော့ မလာပါဘူး။ ဗုံးကျဲမှုကြောင့် သေဆုံးသွားရတဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်းက မရဘူး။ မီးလောင်သွားတာဆိုတော့ အရိုးပြာပဲရှိတော့တယ်။ စစ်သားတွေပီပီ တော်လှန်ရေး ရဲဘော်တွေနဲ့ မြေပြင်မှာ လူသေကိုယ်သေ တိုက်ပွဲဝင်လို့ ရတယ်ပေါ့။ ဘာမှမသက်ဆိုင်တဲ့ ပြည်သူတွေ အပေါ်ကို ဗုံးကျဲ တိုက်ခိုက်သတ်ဖြတ်တာကျတော့ တော်တော်ကို ကျင့်ဝတ်လည်း ဖောက်ဖျက်ရာကျသလို တော်တော်လည်း အရှက်သိက္ခာမဲ့တဲ့ ကောင်တွေလို့ပဲ ပြောချင်တယ်” ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းဖြင့် ပြည်သူကို ရန်မူ သတ်ဖြတ်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်တိုင်းတွင် ဗုံးခိုကျင်းများ တူး၍ လေကြောင်းသတိဖြင့် နေထိုင်ကြရန် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article