ရေး အခြေစိုက် ခမရ ၅၉၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို အလင်းဝင်၊ တနင်္သာရီ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ အလင်းဝင်လာသည့် စစ်သား ၁ ဦးကို ငွေကျပ် သိန်း ၆၀ ချီးမြှင့်
မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် ခမရ ၅၉၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်များ ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက်ခဲ့ကြောင်း Daw Na Column-P29902 (ဒေါနစစ်ကြောင်း) က ပြောရေးဆိုခွင့်ရှိသူ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရေးမြို့နယ် အခြေစိုက် ခမရ ၅၉၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ဇော်ထူးနှင့် အောင်ပြည့်စုံတို့ ၂ ဦး သည် လက်နက်မပါဘဲ Daw Na Column-P29902 (ဒေါနစစ်ကြောင်း)ထံကို အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ဇော်ထူးသည် အပတ်စဉ် ၁ မှ ဖြစ်ပြီး တပ်မတော်အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်း (ရကသ) ၁ တွင် စစ်ပညာ သင်ယူခဲ့ကြောင်း၊ စစ်မှုထမ်း တပ်သားသစ် အောင်ပြည့်စုံသည် အပတ်စဉ် ၆ မှ ဖြစ်ပြီး ဝဲကလိ သင်တန်းကျောင်းတွင် စစ်သင်တန်း တက်ရောက်ခဲ့သူဖြစ်ကြောင်း သိရသည်။
ထို တပ်သားသစ် ၂ ဦးသည် လမ်းကင်းယူချိန်တွင် နယ်မြေခံများကို မေးမြန်း၍ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး အတင်းအဓမ္မ စစ်မှုထမ်းရန် စုဆောင်းခံရသူများဖြစ်ကြောင်း၊ အလင်းဝင်လာသူ ၂ ဦးလုံးသည် တော်လှန်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်း၍ အကြမ်းဖက် စစ်တပ်ကို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
“လက်နက်မပါဘူး။ ရန်ကုန်တိုင်း၊ ဒလမြို့နယ်က ၁ ဦး နဲ့ ပဲခူးတိုင်း ရွှေဂူလေးဘုရားဘက်က ၁ ဦးပါ။ လောလောဆယ်တော့ ဂုဏ်ပြုဆုငွေကတော့ ဒီနှစ်ယောက်ကို ချီးမြှင့်ထားတာ မရှိသေးဘူး။ သူတို့ကို ချီးမြှင့်မှာပါ။ သူတို့ တပ်ကနေ ထွက်ပြေးလာတာပါ။ ရွာတစ်ရွာကလည်း သူတို့ကို လမ်းညွှန်လိုက်လို့ ဒီဘက်ကို သွားရင် အဖွဲ့တွေရှိတယ်ဆိုပြီး ကျွန်တော့်ဆီက ရဲဘော်တွေကလည်း အရှေ့မှာ သတင်းတစ်ချို့ ထောက်လှမ်းနေတာနဲ့ တိုက်ဆိုင်ပြီးတော့ ရောက်လာခဲ့တာပါ”ဟု Daw Na Column-P29902 (ဒေါနစစ်ကြောင်း)က ပြောရေးဆိုခွင်ရှိသူ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးကပြောဆိုသည်။
ဒေါနတပ်ရင်းအနေဖြင့် CDM အလင်းဝင်ရောက်လာသူများကို ကောင်းမွန်စွာ လက်ခံထားပြီး ဒေါနစစ်ကြောင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူ ပြည်သူ့ ဘက်တော်သား ၂၃ ဦးရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း ဥပဒေကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကာကွယ်ရေး တပ်မတော် ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်ကြောင်း Daw Na Column-P29902 (ဒေါနစစ်ကြောင်း) က ပြောရေးဆိုခွင်ရှိသူ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ဆက်လက် ပြောဆိုသည်။
အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ ခြေမြန်တပ်ရင်းမှ အလင်းဝင်လာသော တပ်သား မောင်ဝေလင်းထွန်းကို ငွေကျပ် သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ ခြေမြန်တပ်ရင်းမှ တပ်သား မောင်ဝေလင်းထွန်းသည် MA 2 (စက်ကလေး) ၁ လက်၊ ၅.၅၆ကျည် ၂၀ တောင့်၊ ကျည်ဘောက် ၁ ခု နှင့် အတူ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) ထံ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသော တပ်သား မောင်ဝေလင်းထွန်းကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုဆု ငွေကျပ် သိန်း ၆၀ သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) အနေဖြင့် အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း အမိန့် ကြေညာချက်များကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူများ အပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထဲ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၂ က အသိပေးနှိုးဆော်ထားသည်။


