ကြို့ပင်ကောက်တွင် အရပ်သား ဟန်ဆောင်၍ PDF တပ်ဖွဲ့များ၏ တပ်စခန်းများကို လိုက်လံစုံစမ်းနေသော စစ်တပ်မှ တပ်ကြပ်ကြီး ဇေယျာထက် ကို ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံး
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အရပ်သား ဟန်ဆောင်၍ PDF တပ်ဖွဲ့များ၏ တပ်စခန်းများကို လိုက်လံစုံစမ်းနေသော အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ဇေယျာထက် ကို ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ (YOMA GBK PDF) မှ တပ်ခွဲမှူး ကိုကရင်လေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအနီးတွင် သာယာဝတီ ခရိုင်တပ်ရင်း (3801) တပ်ခွဲ – ၁ YOMA GBK PDF မှ တော်လှန်ရေးရဲဘော်များက ကင်းယူနေစဉ် အရပ်သား ဟန်ဆောင်ပြီး အမှိုက်လိုက်ကောက်ကာ PDF တပ်များ၏ တပ်စခန်းများကို လိုက်လံစုံစမ်းနေသော အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး အဆင့်ရှိသူ ဇေယျာထက်ကို တော်လှန်ရေးရဲဘော်များက ဖမ်းဆီးပြီး ၎င်းကိုင်ဆောင်သော ဖုန်းကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးနေစဉ် တပ်ကြပ်ကြီး ဇေယျာထက်သည် တော်လှန်ရေး ရဲဘော်များကို ခုခံထွက်ပြေးသွားသောကြောင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် ဥယျာဉ်ကြီးကျေးရွာ အနီးရှိ ဗျူဟာလမ်းပိုင်းတွင် သေနတ်ကျည် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသော တပ်ကြပ်ကြီး ဇေယျာထက်သည် ကြိုပင်ကောက်မြို့နယ်အတွင်းရှိ ပြည်သူများကို ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အတင်းအဓမ္မ ဆပ်ကြေးကောက်ခံနေသူဖြစ်ပြီး ၎င်းထံမှ ဖုန်း ၁ လုံးနှင့် ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ပြည်သူအပေါ် ဒုက္ခ အမျိုးမျိုးပေးနေတဲ့ အာဏာရှင်လည်း မကြာခင် အဆုံးသတ်တော့မှာပါ။ အားလုံးခဏ သည်းခံ ပေးကြပါလို့ မိဘပြည်သူတွေကို ပြောကြားလိုပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ (YOMA GBK PDF) မှ တပ်ခွဲမှူး ကိုကရင်လေးက ပြောဆိုသည်။


