27 C
Yangon

အင်းတော်နှင့် မော်လူးတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး၊ ကန်ပက်လက်မြို့ အနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ဆက်တိုက် ဗုံးကျဲနေ

Must read

ရန်ကုန်၊ မေ ၂၂

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နှင့် မော်လူးမြို့တို့တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၀ ရက်နေ့က စတင်ကာ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ အင်းတော်မြို့နှင့် မော်လူးမြို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုများပြားခြင်းကြောင့် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၂၁ ရက်နေ့ ညနေပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းနှင့် မော်လူးမြို့ အနီးရှိ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ယင်း ထိတွေ့ တိုက်ပွဲများသည် လက်ရှိချိန်ထိ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်တပ်က ယနေ့ မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်မှ စတင်၍ အင်းတော်မြို့နယ် အတွင်းကို Y-12 လေယာဉ်၊ ဂျက်ဖိုက်တာများဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရှိရသည်။

“အင်းတော်နဲ့ မော်လူးက တိုက်ပွဲတော်တော်ပြင်းထန်နေတယ်။ စစ်ခွေးတွေ ထိန်းချုပ်ထားတဲ့ နေရာတချို့ကို ပြန်ရထားတယ်လို့တော့ သိထားရတယ်။ တိုက်ပွဲက ဆက်ရှိနေတုန်းပဲ မနေ့ကကော ဒီနေ့ကော စစ်ခွေးတွေက အပြင်းအထန်ဗုံးကျဲ တိုက်ခိုက်နေတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွင် ဧပြီလပိုင်းမှ စတင်၍ လမ်းပိုင်းပေါ်ရှိ အင်းတော်မြို့နှင့် မော်လူးမြို့ကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာပေးလိုက်ရသော်လည်း လက်ရှိချိန်ထိ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ အနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ဆက်တိုက် ဗုံးကျဲနေကြောင်း တော်လှန်ရေးတပ်မျာ ထုတ်ပြန်ချက်နှင့် ဒေသသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။

မေလပိုင်းမှ စတင်၍ မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း အင်အားစုဖွဲ့ထားခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလ ဒုတိယ အပတ်မှ စတင်၍ ကန်ပက်လက်မြို့ဘက်ကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ ထို စစ်ကြောင်းနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ကန်ပက်လက်မြို့ အနီး တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ကန်ပက်လက်မြို့ပေါ်ကို မေလ ၂၁ ရက်နေ့ နံနက် အစောပိုင်း ၆ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ၂ ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ထို့ပြင် ယနေ့ မေလ ၂၂ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာများဖြင့် ကန်ပက်လက်မြို့ကို ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကာ စစ်တပ် စစ်ကြောင်းက ကန်ပက်လက်မြို့အနီးထိ ရောက်ရှိနေပြီ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“အခုတိုက်ပွဲက မြို့နားမှာ တော်တော်ပြင်းထန်နေတယ်။ စစ်ခွေးတွေကလည်း မြေပြင် စစ်ကြောင်းကော လေကြောင်းကနေပါ ဆက်တိုက်ကို ဗုံးကျဲပြီး ဖိတက်နေတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article