ငါ့သရောက်မြို့နယ်ခွဲသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ပိတ်ဆို့တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၇၀ ကျော် သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပျက်စီး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ မတ် ၁၈
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်းသို့ ဝင်ရောက်လာ သော အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၇၄ ဦးသေဆုံးပြီး စစ် ကြောင်းတစ်ခုလုံး ပျက်စီးသွားကြောင်း ပုဂံဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၁၄ ရက်မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ အတွင်း သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ထောက်ဝရွာ နှင့်အိုရင်းရွာကြား အရောက် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၆၉ ဦးနေရာမှာပင် သေဆုံးပြီး ညောင်ဦး ဆေးရုံသို့ အပြင်းအထန်ဒဏ်ရာဖြင့်ရောက်ရှိသွားသော စစ်သား၊ ပျူစောထီး ၅ ဦးသည် မတ်လ ၁၆ ရက် နံနက်ပိုင်းတွင် ထပ်မံသေဆုံး သွားသဖြင့် စုစုပေါင်း ၇၄ ဦးသေဆုံးသွားကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ခန့်မှန်းအင်အား ၈၀ ခန့်သာရှိသည့် စစ်ကြောင်းဖြစ်ပြီး စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားကာ ပြည်သူများ၏ ဆိုင်ကယ်ကို အတင်းအဓမ္မလုယူ၍ ငါ့သ ရောက်ရဲစခန်းထဲသို့ ထွက် ပြေးသွားသည့် ၃ ဦးသာလွတ်မြောက်သွားခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲ အတွင်းမှ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“နေ့လည် ၁ နာရီခွဲလောက်မှာ စဖြစ်တာ၊ ၃ နာရီကျော်လောက်တိုက်ပွဲပြီးတယ်၊ အချိန်က ၂ နာရီ ကျော်ကျော်လေးပဲ၊ ဝင်လာတာက စစ်ကြောင်း ၂ ကြောင်း၊ တစ်ကြောင်းကို အင်အား ၈၀ လောက်ရှိ မယ်၊ စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့တာပါ၊ ပြည်သူတွေရဲ့ ဆိုင်ကယ်ကို လုပြီးငါ့သရောက်ရဲ စခန်းကို ထွက်ပြေးတဲ့ ၃ ယောက်ပဲ လွတ်သွားတာ၊ တိုက်ပွဲတွင်းမှာက ၆၉ ယောက်သေတယ်၊ ဆေး ရုံရောက်တော့ ၅ ယောက်ထပ်သေတာ၊ စုစု ပေါင်း ၇၄ ယောက်သေတယ်၊ သေဆုံးအရေအတွက် သ တင်းက တိကျပါတယ်၊ လက်နက်ခဲယမ်းတွေ သိမ်း ဆည်းရရှိခဲ့တာလည်းရှိပါတယ်” ဟု ပုဂံဘီလူး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးရန် ရောက်ရှိလာခဲ့သော်လည်း တိုက်ပွဲ ပြီးဆုံး၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လုံခြုံသည့်နေရာသို့ ရောက်ရှိချိန်မှ ရောက်ရှိ လာခြင်းဖြစ်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
“ဝေဟင်တိုက်ခိုက်ဖို့အတွက် လေယာဉ်ဝဲနေတဲ့အချိန် ရဲဘော်တွေ အကုန်လုံး လုံခြုံစိတ်ချရတဲ့ နေရာ ရောက်ရှိသွားပြီ။ အဲဒါကြောင့်ထင်တယ်၊ ဗုံးကျဲသွားတာမျိုးတော့မရှိဘူး။ သူတို့က မြေပြင် မနိုင်တော့ ဝေဟင်ပဲ သုံးတာ၊ ပြည်သူတွေက ကြားထဲက ဘာမဆိုင်၊ ညာမဆိုင်ခံကြရတာ၊ ပြော ချင်တာက ယောက်ျားတွေဆို လေယာဉ်မသုံးနဲ့၊ မြေပြင်မှာတော့ အချိန်မရွေးပဲလို့ စကစနဲ့ ပျူတွေ ကို ပြောချင်တယ်၊ အဓိကကတော့ မဆိုင်တဲ့ ပြည်သူ့အိမ်တွေ မီးရှို့တာ မလုပ်ကြပါနဲ့၊ ယောက်ျား ခြင်းပဲ၊” ဟု ပုဂံဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော် ဗျတ်ဝိ (ပုဂံပြည်ဘီလူး တပ်) နှင့် ရဲဘော် ငတေ (BGF) တို့မှ ဦးဆောင်၍ ပုဂံပြည်ဘီလူးတပ် ၊ BGF (Burmese Guerrilla Force) ၊ တောင်သာမြို့နယ် ပကဖ ၊ Scorpion People Defense Force ၊ ညောင်ဦးခရိုင်တပ်ရင်း ၅ နှင့် မြင်းခြံ ခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်အတွင်း၌ ပုဂံပြည်ဘီလူးတပ်နာမည်ဖြင့် လိမ်လည်အလှူခံခြင်း၊ ခြိမ်းခြောက်ငွေ တောင်းခြင်းများရှိနေပြီး ထိုသို့ လုပ်ဆောင်ခြင်းများ ကြုံရပါက ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံ ထားသည်။
“ပုဂံဘီလူးတပ်နာမည်နဲ့ လိမ်ညာနေတဲ့အဖွဲ့ရှိတယ်။ ပုဂံဘီလူးတပ်ကပါဆိုပြီး ပြည်သူတွေကို လိမ် တာ၊ ငွေတောင်းတာတွေရှိတယ်၊ ပြီးရင် ပုဂံဘီလူးတပ် တပ်ခွဲကပါဆိုပြီး ပြည်သူတွေကို အလှူခံ တာတွေရှိတယ်။ ကျနော်တို့ ပုဂံဘီလူးတပ်က တပ်ခွဲပေးထားတာမရှိသလို ငွေကြေးခြိမ်းခြောက် တောင်းတာ လုံးဝ မရှိပါဘူး ။ ဒါတွေကို ပြည်သူတွေ သိစေချင်ပါတယ်။ ကူညီထောက်ပံ့ပေးမယ် ဆိုရင်လည်း Page Messenger ကနေ တဆင့် ယုံကြည်စိတ်ချစွာ ကူညီပေးလို့ရပါတယ်။” ပုဂံဘီလူး တပ်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
