စစ်တပ်က စစ်မှုထမ်းခိုင်းရန် မိဘမဲ့ကျောင်းနှင့် ဘုန်းကြီးကျောင်းမှ လူငယ်များ၏စာရင်းကိုပါ ကောက်ခံနေပြီး စစ်သင်တန်းတက်ရမည့် လူငယ်များကို ကြိုတင်ဖမ်းဆီး ထိန်းသိမ်းမှုများ လုပ်ဆောင်လာ
ရန်ကုန်၊ မတ် ၂၂
ပဲခူးတိုင်း၊ ပြည်မြို့တွင် အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းရန် မိဘမဲ့ကျောင်းများနှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်သော လူငယ်များ၏ စာရင်းများကိုပါ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
မတ်လပိုင်းမှ စတင်ကာ ပြည်မြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ မြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့၏ ညွှန်ကြားချက်ဖြင့် မိဘမဲ့ကျောင်းများနှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်သူသော လူငယ်များကို ပါ စစ်မှု ထမ်းရန် အမည်စာရင်း လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် စာရင်းကောက်ခံမှုနှင့်အတူ စစ်မှုထမ်းရမည့် လူငယ်များ ထွက်ပြေးမည်ကို စိုးရိမ်၍ လူငယ်များကို ကြိုတင် ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်ထဲသို့ ပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။
“ပြည်မြို့ပေါ်က ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ လူငယ်တွေနဲ့ မိဘမဲ့ကျောင်းက လူငယ်တွေရဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက် ရာအိမ်မှူးတွေနဲ့ ထွေ/အုပ် စာရေးတွေက ဒီရက်ပိုင်းမှာ ကောက်ယူသွားတယ်လို့ သိရတယ်။ တချို့ကို ကျောင်းတွေမှာ လိုက်ကောက်တယ်။ တချို့ ကျောင်းတွေကျတာ့ သွားကောက်ရင် ထွက်ပြေးမှာဆိုးလို့ စာရင်းတွေကို ရက်ကွက်အတွင်းက ဆယ်အိမ်မှုး၊ ရာအိမ်မှူး၊ ထွေ/အုပ်စာရေးနဲ့ စာရေးမတွေက ရပ်ကွက်ရုံးမှာပဲ ကိုယ်တိုင် စာရင်းပြုစုနေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းတွင်လည်း လူမိုက်အဖွဲ့များက စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးထားသော လူငယ်များကို မြို့နယ်ထွေ/အုပ်ရုံးတွင် မှတ်ပုံတင်စစ်ဆေးချက်ရယူကာ စစ်တပ်ထဲသို့ ပို့ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လပိုင်း စတင်ကာ ကမာရွတ်မြို့နယ် လှည်းတန်းတွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် လွှတ်ထားသော လူမိုက်များက လူသွားလူလာပြတ်သည့်နေရာများတွင် အိမ်စီးကားများဖြင့် စောင့်ကြို ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များကို နာနတ်တောတံတားအဆင်းရှိ မြို့နယ် ထွေ/အုပ်ရုံးတွင် ခေတ္တ ထိန်းသိမ်းပြီးနောက် စစ်မှုထမ်းရန် အကြမ်းဖက် စစ်တပ်၏ စစ်သားစုဆောင်းရေးတပ်များထံသို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း၊ ပေါ်တာဆွဲ ဖမ်းဆီးပေးသော လူမိုက်များကိုလည်း စစ်တပ်က လူငယ် ၁ ဦး ဖမ်းဆီးပေးနိုင်ပါက ငွေကျပ် ၃ သိန်း ပေးဆောင်ကြောင်း သိရှိရသည်။
“လှည်းတန်းမှာ လူငယ်တွေ ဆက်တိုက်ပေါ်တာဆွဲ ဖမ်းဆီးခံနေရတယ်။ ရုပ်ပျက်ဆင်းပျက်ကို လိုက်ဖမ်းနေတာ အခုက ပေါ်တင်လို ဖြစ်လာပြီ ကားပေါ်ကို ဆွဲဆွဲပြီးတင်သွားတာ သူတို့က အဲလိုပေါ်တာဆွဲ ပြီးတာနဲ့ နာနတ်တော တံတားအဆင်းက ထွေ/အုပ် ရုံးကို ခေါ်သွားတယ်။ အဲ့ရုံးမှာ သူတို့ဆွဲထားတဲ့သူတွေ အပြည့်ဘဲ ပေါ်တာဆွဲ ဖမ်းဆီးပေးတဲ့ လူမိုက်တွေကိုလည်း တစ်ယောက်ရရင် ၃ သိန်းပေးတယ်လို့ သိရတယ်” ဟု လှည်းတန်းတွင် နေထိုင်သော ကမာရွတ်မြို့နယ်လုံးဆိုင်ရာ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။


