29 C
Yangon

ကုလသမဂ္ဂ မြန်မာအထူးသံတမန်တဖြစ်လဲ ANU သက္ကသိုလ် အဓိပတိ ဂျူလီဘိရှော့အပေါ် သူမ၏ဝန်ထမ်းများက အယုံအကြည် မရှိကြောင်း မဲခွဲဆုံးဖြတ်

Must read

ကုလသမဂ္ဂ မြန်မာအထူးသံတမန်တဖြစ်လဲ ANU သက္ကသိုလ် အဓိပတိ ဂျူလီဘိရှော့အပေါ် သူမ၏ဝန်ထမ်းများက အယုံအကြည် မရှိကြောင်း မဲခွဲဆုံးဖြတ်

ရန်ကုန်၊ မတ် ၂၇

ရာနှင့်ချီသော ဩစတြေးလျ အမျိုးသားတက္ကသိုလ် (ANU) ဝန်ထမ်းများက အလုပ်အကိုင်ဖြတ်တောက်မှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ ပြဿနာများကြောင့် ၄င်းတို့၏ သက္ကသိုလ်အဓိတိဖြစ်သူ ဂျူလီဘိရှော့ (Julie Bishop) အား ယုံကြည်မှုမရှိတော့ကြောင်း မဲခွဲဆုံးဖြတ်ခဲ့ကြသည်ဟု ဩစတြေးလျနိုင်ငံသတင်းများတွင် ဖော်ပြခဲ့ကြသည်။

ယခင်ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်သူ ဂျူလီဘိရှော့ နှင့် ဒုတိယအဓိပတိ Genevieve Bell တို့၏ ခေါင်းဆောင်မှုကို ယုံကြည်မှုရှိမရှိ ဆိုသည့်အပေါ် ANU ဝန်ထမ်းများအား ၎င်းတို့၏သမဂ္ဂများမှ မေးမြန်းခဲ့သည်ဟု သတင်းများကဆိုသည်။

အဆိုပါမဲပေးမှုတွင် ပါဝင်ခဲ့သော ဝန်ထမ်း ၈၀၀ ကျော်အနက် ၉၅ ရာခိုင်နှုန်းက ၎င်းတို့နှစ်ဦး၏ ခေါင်းဆောင်မှုကို ယုံကြည်မှု မရှိတော့ကြောင်း ဖော်ပြခဲ့ကြသည်ဟု The Sydney Morning Herald သတင်းတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စရပ်များသည် ဂျူလီဘိရှော့က သူမ၏ လုပ်ငန်းဖော်တစ်ဦးအား တက္ကသိုလ်ဘဏ္ဍာငွေဖြင့် အကြံပေးခ ပေးချေခဲ့အပြီးမကြာမီ ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

တိုက်ဆိုင်စွာပင် အဆိုပါ ANU သက္ကသိုလ်အဓိပတိ၊ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် စီးပွားရေးလုပ်ငန်းများစွာတွင် ပါဝင်ပတ်သက်နေသူ ဂျူလီဘိရှော့ ကို ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်အဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းမှာ တရားဝင်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဂျူလီဘိရှော့အား ANU ဝန်ထမ်းများက ယုံကြည်မှုမရှိကြောင်း မဲခွဲမဆုံးဖြတ်ခင်၊ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းတွင်လည်း သူမအား တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် အကျိုးစီပွားပဋိပက္ခရှိနေနိုင်မှုအပေါ် စစ်ဆေး‌ပေးရန် မြန်မာ့အရေး တက်ကြွလှုပ်ရှားသည့် အရပ်ဘက်အဖွဲ့ပေါင်း ၂၉၀ က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ့်ထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို တိုင်ကြားခဲ့ကြသည်။

ဂျူလီဘိရှော့သည် ကုလမြန်မာအထူးသံတမန်အဖြစ် လုပ်နေသည့်တချိန်တည်းတွင်ပင် ဩစတြေးလျအခြေစိုက် Energy Transition Minerals (ETM) ကုမ္ပဏီတွင် မဟာဗျူဟာအကြံပေးအဖြစ် လုပ်ကိုင်နေခဲ့ခြင်းလည်းဖြစ်သည်။ သူမ၏လုပ်ကိုင်နေသောကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စစ်အုပ်စုနှင့် ပူးပေါင်းလုပ်ကိုင်နေသော တရုတ်အစိုးရပိုင် Shenghe Resources နှင့် ရန်ကုန်မြို့သစ် စီမံကိန်းပဲ့ကိုင်ရှင် CCCC (China Communications Construction Company) ကုမ္ပဏီ အပါအဝင် တရုတ်အစိုးရပိုင်ကုမ္ပဏီများ၊ ဖြစ်နိုင်ခြေရှိသော သို့မဟုတ် အတည်ပြုထားသော သတ္တုတွင်းလုပ်ငန်းများနှင့် ဆက်နွှယ်မှုများရှိနေသည်ကို အံ့ဩဖွယ်သိရှိခဲ့ရကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့်အဖွဲ့တစ်ခုဖြစ်သော Justice for Myanmar က ထုတ်ပြန်ခဲ့သည်။၊

အရပ်ဘက်အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာတွင်လည်း သူမနှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆက်နွှယ်နေမှုသည် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးအနေနှင့် ရှိရမည့် သမာသမတ်ကျမှုနဲ့ လွတ်လပ်အမှီအခိုကင်းမှုအပေါ် အလွန်ကြီးမားသော စိုးရိမ်ပူပန်မှုကို ဖြစ်စေသည်ဟု ဖော်ပြထားသည်။

စင်စစ် ဂျူလီဘိရှော့အား မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ခန့်အပ်ခဲ့မှုအပေါ် ဒေသတွင်းသာမက၊ သြစတြေးလျ လူ့အခွင့်အရေးလှုပ်ရှားသူများကပါ ဝေဖန်မှုများ ရှိခဲ့သည်။

အထူးသဖြင့် ဩစတေးလျနိုင်ငံသို့ အခြားကမ္ဘာ့နိုင်ငံများမှ ပဋိပက္ခများကြောင့် ထွက်ပြေးလာ‌ရသော ဒုက္ခသည်များအရေးနှင့်ပတ်သက်၍ သူမ၏ရပ်တည်ချက်အပေါ် ဝေဖန်ပြောဆိုမှုများစွာရှိခဲ့ပြီး၊ ကုလသမဂ္ဂအနေဖြင့် သူမအား မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ရွေးချယ်ခဲ့မှုအပေါ်တွင်လည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်မှုများ ရှိခဲ့သည်။

လက်ရှိဖြစ်ပွားနေသော ဩစတြေးလျ အမျိုးသားတက္ကသိုလ် (ANU) ဝန်ထမ်းများ၏ ဂျူလီဘိရှော့ပေါ် အယုံအကြည် မရှိကြောင်း မဲခွဲဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး တက္ကသိုလ်၏ အမှုဆောင်အရာရှိ Jonathan Churchill က ထိုရလဒ်သည် တက္ကသိုလ် ဝန်ထမ်း ၅၀၀၀ နီးပါးအနက် အများစုကို ကိုယ်စားမပြုဟု ဆိုလိုက်ပြီး၊ Bishop နှင့် Bell တို့ဦးဆောင်သော တက္ကသိုလ်အုပ်ချုပ်မှုအဖွဲ့သည် ANU ၏ ဘဏ္ဍာရေးတည်ငြိမ်မှု ရရှိအောင် ဆက်လက်ကတိပြုဆောင်ရွက်နေသည်ဟု ပြောဆိုခဲ့ကြောင်းThe Sydney Morning Herald သတင်းတွင် ဖော်ပြခဲ့သည်။

သမဂ္ဂဥက္ကဋ္ဌ Alison Barnes က‌တော့ ANU တက္ကသိုလ်၏ လက်ရှိ အငြင်းပွားဖွယ်ရာများသည် Telstra Tower ထက်ပင် မြင့်မားစုပုံနေသော်လည်း ဆိုးရွားလှသော စီမံခန့်ခွဲမှုများအတွက် တာဝန်ယူရန် ပျက်ကွက်နေသည့် ဂျူလီဘိရှောတို့နှစ်ဦးအား တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီက ဆက်လက်ထောက်ခံနေမှုအပေါ် ဝေဖန်ပြစ်တင်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article