ငပုတောမြို့နယ် တောင်ပိုင်း အုပ်ချုပ်ရေးမှူး မိုးကျော်က သင်္ကြန် ပျော်ပွဲရွှင်ပွဲအတွက်ဟု ခေါင်းစဉ်တပ်၍ တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀ ကောက်ခံနေ
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် တောင်ပိုင်း အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မိုးကျော်က သင်္ကြန် ပျော်ပွဲရွှင်ပွဲအတွက်ဟု ခေါင်းစဉ်တပ်၍ တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စစ်ကိုင်းငလျင်ကြောင့် သင်္ကြန် ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ရန် အထက်မှ ညွှန်ကြားထားသော်လည်း ပုတောမြို့နယ် တောင်ပိုင်း အုပ်ချုပ်ရေးမှူး မိုးကျော်က ဦးဆောင်ပြီး နေအိမ်တိုင်းထံမှ ငွေကြေး လိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တောင်းခံရာတွင်လည်း နေအိမ်တိုင်းကို မထည့်မပေးရ ပုံစံဖြင့် လိုက်လံ တောင်းခံနေခြင်းဖြစ်ပြီး မပေးသည့် နေအိမ်များကိုလည်း ခြိမ်းခြောက်ပြောဆိုခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“သင်္ကြန်မလုပ်ရတာ သူ့ကိုအထက်က ပြောထားတယ်လို့သိရပါတယ်။ ဒါပေမဲ့ သူက ပြည်သူကိုမပြောဘဲ သင်္ကြန်လုပ်ရပါတယ်ဆိုပြီးကောက်ယူခဲ့တာပါ။ မထည့်မနေရပုံစံနဲ့ကို လိုက်ကောက်နေတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ငပုတောမြို့နယ် တောင်ပိုင်းတွင် အိမ်ခြေ ၁၀၀၀ ကျော်ခန့်ရှိပြီး နေအိမ်တိုင်းကို ငွေကျပ် ၂၀၀၀ နှုန်း လိုက်လံ ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
