အမျိုးသားညီညွတ်ရေးအစိုးရက ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမည်မဟုတ်ဟု အတိအလင်း ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ-NUG က နိုင်ငံတစ်နိုင်ငံ ၏ ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမည်မဟုတ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် (၁၀/၂၀၂၅)တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ နီးစပ်ရာညှိနှိုင်းမှုနှင့် အကျပ်၍ ရသည့်အင်အားစုများကို နည်းလမ်းပေါင်းစုံသုံးအတင်းဖိအားပေး ဆွေးနွေးခိုင်းမှုမှာ အကျိုးမရှိဘဲ သွေးကွဲမှုနှင့်တင်းမာမှုများကို ဖြစ်ပေါ်စေနိုင် ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။
“နိုင်ငံတနိုင်ငံက နီးစပ်ရာ ညှိနှိုင်းမှုတွေနဲ့ အကြပ်ကိုင်လို့ရတဲ့ အင်အားစုတွေကို နည်းလမ်းပေါင်းစုံသုံး အတင်းဖိအားပေး ဆွေးနွေးစေပြီး အပစ်အခတ်ရပ်စဲစေမှု (forced negotiation) နည်းလမ်းကို အသုံးပြုခြင်းဟာလည်း ရေရှည်အတွက် အကျိုးမရှိဘဲ အခြေအနေကို ပိုမိုရှုပ်ထွေးစေကာ တိုင်းရင်းသား အင်အားစုတွေအချင်းချင်းကြား သွေးကွဲမှု၊ တင်းမာမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိတို့ကို ဖိအားပေးပြီး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စုစည်းညီညွတ်တဲ့ ကြိုးပမ်းမှုမျိုးကို လမ်းဖွင့်ထားပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
လတ်တလော အကြမ်းဖက် စစ်အုပ်စုက ဟန်ပြ အပစ်အခတ်ရပ်စဲရေး ကြေညာနေသော်လည်း ၎င်းတို့ကိုယ်တိုင် ကြေညာထားသော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေကြောင်း၊ စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၃၃၄ ဦး သေဆုံးခဲ့ကြောင်း ဦးနေဘုန်းလတ်က ဆက်လက်ပြောဆိုသည်။
“စစ်အုပ်စုဟာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကနေစပြီး မေလ (၉) ရက်နေ့အထိ တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၃၇၂ ခုပြုလုပ်ခဲ့ပြီး အဲဒီ့ဖြစ်စဉ်တွေကြောင့် ပြည် သူလူထုသေဆုံးသူ ၃၃၄ ဦးရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၅၅၂ ဦးရှိခဲ့ပါတယ်။ ဒီ ၁ လခွဲခန့်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်ခြေ ၅၀၀ ကျော် ၊ စာသင်ကျောင်း ၄၀ ကျော်နဲ့ ဘာသာရေးအဆောက်အဦတွေဖြစ်တဲ့ ဘုန်းကြီးကျောင်း ၂၀ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၄ ကျောင်း၊ ဗလီ ၁ လုံးတို့ ထိခိုက်ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။ လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဂျက်လေယာဉ် ၊ ဒရုန်း၊ စက်တပ်လေထီး(ပါရာမော်တာ) တွေအပြင် ဂျိုက်ရိုကော်ပတာလို့ခေါ်တဲ့ ရဟတ်ယာဉ်အငယ်စားတွေကိုပါ အသုံးပြုနေတာလည်းဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့လည်း နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက်ရှိနေသလို စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး တိုက်ခိုက်မှု၊ ရွာများသို့ စစ်ကြောင်းထိုး၊ မီးရှို့စသည့် လုပ်ရပ်များကို နေ့စဉ်ရက်ဆက် လက်တွေ့လုပ်ဆောင်နေသော်လည်း တစ်ဖက်တွင် နိုင်ငံတကာ မျက်နှာပန်းလှစေရေးအတွက် ဟန်ပြအပစ်အခတ်ရပ်စဲရေးထုတ်ပြန်ချက်များကို ထုတ်ပြန်လျက်ရှိကြောင်း သိရှိရသည်။
အမှန်တကယ် အပစ်အခတ်ရပ်စဲရေးသည် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု လိုအပ်မည်ဖြစ်ပြီး ချိုးဖောက်သူကို မည်သို့ အရေးယူမလဲဆိုသော အရေးယူမှုများ ပါဝင်ရမည်ဖြစ်ကြောင်း၊ စစ်အုပ်စု၏ ဟန်ပြ အပစ်အခတ်ရပ်စဲရေးသည် ချိုးဖောက်ရန် လွယ်ကူပြီး ချိုးဖောက်မှုများကို စစ်တပ်က ကိုယ်တိုင် ကျူးလွန်နေကြောင်း ၎င်းက ဆိုသည်။
“အခုစစ်အုပ်စုဘက်ကလုပ်ဆောင်နေတဲ့ ဟန်ပြအပစ်အခတ်ရပ်စဲရေးကြေညာချက်တွေဟာ စည်းနှောင်မှုမရှိ၊ ချိုးဖောက်ဖို့ လွယ်ကူမယ့် အကြောင်းအချက်တွေ ထည့်သွင်းထားတာကိုလည်း သတိပြုကြရမှာဖြစ်ပါတယ်။ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲမှုတွေအတွက် ကျင့်ဝတ်စည်းကမ်း (code of conduct) တွေ၊ သဘောတူညီမှုတွေ လိုအပ်မှာဖြစ်သလို အဲဒီ့ ကျင့်ဝတ်၊ သဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ သေချာစေဖို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု (international monitoring mechanism) လိုအပ်မှာဖြစ်ပါတယ်။ သဘောတူထားတဲ့ ကျင့်ဝတ်၊ သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် ချိုးဖောက်သူကို ဘယ်လို အရေးယူမလဲဆိုတဲ့ အရေးယူမှုတွေလဲ ပါဝင်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်တပ်က မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း ယမန်နေ့တွင် ဒီယဲယင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းသို့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် ကျောင်းသားကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ ဦး စုစုပေါင်း ၂၂ ဦးသေဆုံးခဲ့ရသည်။
