ကလောမြို့နယ်၊ ဟဲဟိုးမြို့ အခြေစိုက် တပ်မ ၁၈ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး PDF ထံ အလင်းဝင်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အခြေစိုက် တပ်မ ၁၈ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း People Defence Force – Chauk – သခင်ဖိုးလှကြီးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၁၅ ရက်နေ့တွင် ကလောမြို့နယ်၊ ဟဲဟိုးမြို့ အခြေစိုက် တပ်မ ၁၈ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် မော်လမြိုင်ရှေ့တန်းသို့ ပို့ဆောင်ခံရစဉ် လက်ပစ်ဗုံး ၃ လုံးဖြင့် ယူဆောင်လာပြီး People Defence Force – Chauk – သခင်ဖိုးလှကြီးတပ်ခွဲထံသို့ ဆက်သွယ်၍ ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ကို ဆက်သွယ်တာကတော့ မေလ ၁၂ရက်နေ့ကပါ။ ကျနော်တို့တပ်ဖွဲ့ကို မေလ ၁၅ ရက်နေ့က ရောက်လာတာပါ။ သေနတ်တော့ မပါဘူး။ လက်ပစ်ဗုံးတော့ပါလာပါတယ်။ နောက်က လိုက်ဖမ်းတော့ အကုန်ပစ်ထားခဲ့ရတယ်လို့ ပြောပါတယ်။ ပေါ်တာဆွဲခံရပြီးပါသွားတာပါ။ မြို့ပေါ်ဈေးဝယ်သွားတုန်းကို စစ်မှုထမ်းအတွက်ဖမ်းဆီးခံရတာပါ။ ဖေဖော်ဝါရီလ ၁၆ရက်နေ့က ချောက်မြို့ပေါ်မှာ ဖမ်းဆီးခံရတာပါ။ အဲကနေ အမှတ် ၃ တပ်မတော် တန်းမြင့် လေးကျင့်ရေးကျောင်း ကျိုင်းတောင်းကို အပို့ခံရပါတယ်။ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်း တပ်သားသစ်က စစ်မှုထမ်းအပတ်စဉ် ၁၀ ကပါ။ ဟဲဟိုး တပ်မ ၁၈ ခြေမြန်တပ်ရင်းကနေ မော်လမြိုင်ကိုပို့တဲ့အချိန် သန်လျင် အမှတ် ၁၃၉ ခြေလျင်တပ်ကနေထွက်ပြေးလာတာပါ” ဟု People Defence Force – Chauk – သခင်ဖိုးလှကြီးတပ်ခွဲ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်မှ လွတ်မြောက်ရန် ကြိုးစားနေသည့် စစ်မှုတပ်သားသစ်များစွာရှိနေပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် အမြန်ဆုံးပူးပေါင်းကြရန် People Defence Force – Chauk – သခင်ဖိုးလှကြီးတပ်ခွဲက အသိပေး နှိုးဆော်ထားသည်။
