32.3 C
Yangon

အမေရိကန်က သွင်းကုန်အခွန်တိုးကောက်မှု မဖြစ်သင့်ဘဲ ဥရောပနှင့်ဗြိတိန်တို့က ယူကရိန်းကို ထောက်ပံ့ခြင်းဖြင့် ရုရှားကို စစ်ပန်းအောင် လုပ်နေပြီဟု အကြမ်းဖက် မင်းအောင်လှိုင်က ဝေဖန်ပြော

Must read

🟥 ပြည်တွင်းတွင် စစ်ရှုံးနေသော်လည်း ကမ္ဘာ့ရေးရာကိစ္စရပ်များတွင်ပါ မင်းအောင်လှိုင်က ဝေဖန်ပြောဆိုလာ

ရန်ကုန်၊ မေ ၁၈

အမေရိကန်ပြည်ထောင်စုက သွင်းကုန်များအပေါ် အခွန်တိုးကောက်လိုက်မှုမှာ မဖြစ်သင့်၊ မကောက်သင့်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က က ဝေဖန်လိုက်ပြောဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၈ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် RT သတင်းဌာန နှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း နိုင်ငံတကာ ရေးရာ ကိစ္စရပ်များကိုပါ ဝေဖန်ပြောဆိုလာခြင်းဖြစ်သည်။

အမေရိကန်နှင့်မြန်မာနိုင်ငံတို့အကြားတွင် ကုန်သွယ်ရေးမှာ ကြီးမားစွာ မရှိသော် လည်း အမေရိကန်က သွင်းကုန်များအပေါ် အခွန်တိုးကောက်မှုမှာ မဖြစ်သင့်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

“ကျနော်တို့နဲ့ အမေရိကန်နဲ့က ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့လည်း သိပ်တော့ကြီးကြီးမားမား မရှိဘူး။ ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၂၅ ခုနှစ်အထိ ကျနော်တို့ ဒေါ်လာသန်း ၉၀၀ လောက်ကိုပဲ ကုန်သွယ်မှုရှိတယ်။ တစ်နှစ်ကိုဒေါ်လာသန်း ၈၀၀ ကျော်ကျော်လောက် ကုန်သွယ်မှုရှိတယ်လို့ ပြောရပါလိမ့်မယ်။ တချို့ နှစ်တွေမှာလည်း ကျနော်တို့ဘက်က ပို့တာတွေများပြီးတော့ တချို့နှစ်တွေမှာလည်း အမေရိကန်က ပို့တာတွေများတယ်။ သူတို့ အခွန်ကောက်တာတော့ ကျွန်တော်တို့တစ်နိုင်ငံတည်း မဟုတ်ဘူး။ တခြားသူတို့ရဲ့ မိတ်ဆွေနိုင်ငံတွေကိုလည်း တချို့လည်းကောက်တာတွေ ရှိတယ်။ တရုတ်နိုင်ငံ အပေါ်လည်း တော်တော်လေးကောက်တာတွေရှိတာပေါ့။ အဲဒီတော့ ကျနော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ အခွန်တိုးကောက်တာတော့ မလုပ်သင့်ဘူးလို့ ကျနော်တော့ ယူဆပါတယ်။ ဒီလိုမျိုးသူတို့ဘက်ကတော့ ကုန်သွယ်ရေးလိုငွေတွေပြလို့ တခြားနိုင်ငံတွေ အပါအဝင်ပေါ့လေ အခွန်တွေတိုးကောက်တယ်လို့သိရပါတယ်။ အမှန် ကတော့ မကောက်သင့်ဘူးလို့ ကျနော်တော့ယူဆပါတယ်။ ဘာကြောင့်ကောက်လဲ တော့ ကျနော်တို့လည်း အသေးစိတ်ပြန်ပြီးစဉ်းစားဖို့တော့လိုတာပေါ့” ဟု မင်းအောင်လှိုင်က ပြောဆိုသည်။

ထို့ပြင် ကမ္ဘာ့ရေးရာ ကိစ္စရပ်အဖြစ် ယူကရိန်းနှင့်ရုရှား စစ်ပွဲတွင်လည်း ဥရောပသမဂ္ဂနှင့်ဗြိတိန်တို့က ယူကရိန်းကို ကူညီထောက်ပံ့မှုများလုပ်ဆောင်နေကြောင်း၊ ယင်းကူညီမှုများက ရုရှားကို စစ်ပန်းအောင် လုပ်နေခြင်းဖြစ်ကြောင်း၊ စစ် ဆိုသည်မှာ မဖြစ်စေရန် ညှိနှိုင်းဖြေရှင်းခြင်းသည်သာ အကောင်းဆုံးဖြစ် ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

“စစ်ဆိုတာတော့ မဖြစ်တာအကောင်းဆုံးပဲ။ ပဋိပက္ခဆိုတာလည်း ကောင်း ကောင်း မွန်မွန် ပြန်လည်ဖြေရှင်းနေတဲ့ နည်းလမ်းနဲ့သွားတာ၊ ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းနဲ့ သွားတာအကောင်းဆုံးပဲ။ ပဋိပက္ခတွေကြီးလာတယ်ဆိုတာလည်း အားပေးထောက်ခံမှု တွေ အားပေးထောက်ပံ့မှုတွေများလို့ ဖြစ်လာတာ။ အားပေးထောက်ပံ့မှုမရှိလို့ရှိရင် ပဋိပက္ခဆိုတာကြီးလာစရာတော့ မရှိပါဘူး။ တချို့က နှစ်နိုင်ငံဖြစ်တဲ့ ပြဿနာရှိမယ်။ ပဋိပက္ခက အဲ့မှာသူ့ကိုဝိုင်းအားပေးကြတယ်။ ထောက်ခံပေးကြတယ်။ ကူညီပံ့ပိုးပေး တယ်။ စစ်လက်နက်ပစ္စည်းတွေ၊ ငွေကြေးတွေ၊ စားနပ်ရိက္ခာတွေ စသဖြင့် ကူညီပေးတာ ပေါ့။ ဒီလိုပဲလုပ်လာကြတာ။ အဲ့တော့ ဒါတွေကပဋိပက္ခ ပိုပြီးကြီးမားလာတဲ့ဟာတွေ ဖြစ်လာတယ်။ ဒါမျိုးမဖြစ်ဖို့ဆိုရင် အားပေးကူညီတာမျိုးမလုပ်တာက အကောင်းဆုံးပဲ။ ဒါတွေဆိုရင် နိုင်ငံရေးအရ ဖြေရှင်းပေါ့။ ဒီလိုတော့သွားရမှာပေါ့။ စောစောက ခင်ဗျားမေးတယ်။ EU ကနေပြီးတော့ ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ဆောင် ရွက်ချက်နဲ့ ပတ်သက်ပြီးဆိုတော့ သူတို့ရည်ရွယ်ချက်က ဘာလဲပေါ့။ သူတို့ ရည် ရွယ်ချက်က ဘာလဲ။ ပဋိပက္ခကြာရှည်အောင်ဖြစ်ပြီးတော့မှ စစ်ပန်းအောင်လို့ လုပ်တာ၊ ဒါလည်း စဉ်းစားရမယ့် တစ်ချက်ပဲ။ တကယ်တမ်းတော့ ပဋိပက္ခမဖြစ်အောင် ကျနော်တို့ ဆောင်ရွက်တာတော့ အကောင်းဆုံးနည်းလမ်းပါဘဲ။ ကျနော်ကတော့ အားပေးထောက်ပံ့မှု မလုပ်သင့်ဘူးလို့ ကျနော်ယူဆပါတယ်။ ညှိနှိုင်းပေါ့။ ဘာ့ကြောင့်ဖြစ်တာလဲ။ ပြဿနာ ဘာ့ကြောင့် ဖြစ်တာလဲ။ ပြဿနာဖြစ်လာတဲ့အကြောင်းအရင်းကို ကျနော်တို့ပြန်ရှာရမှာပေါ့။ သမိုင်းမှာရှိခဲ့တယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ် ၁ ခု ၂ ခုအတွင်းမှာ ဖြစ်ခဲ့တဲ့ အခြေအနေကို ကြည့်လိုက်လို့ရှိရင် ဘာ့ကြောင့် ယူကရိန်းနဲ့ ရုရှား ပြဿနာဖြစ်တာလည်း ဆိုတာ အဖြေရှိနေပါတယ်။ ဒါကို အဖြေမှန်အတိုင်းကြည့်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တော့ ယူဆပါတယ်” ဟု မင်းအောင်လှိုင်က ပြောဆိုသည်။

ပြည်တွင်းတွင် နိုင်ငံ၏ နေရာအများစုကို လက်လွှတ်ဆုံးရှုံးနေရသော်လည်း မင်းအောင်လှိုင်က အာဆီယံနှင့် NATO ကိစ္စများ၊ ကမ္ဘာကြီးတွင် Multipolar စနစ်ဖြင့် ပဋိပက္ခမဖြစ်အောင် သွားသင့်ကြောင်း စသည့် နိုင်ငံတကာ ရေးရာကိစ္စရပ်များတွင်ပါ ၎င်း၏ အမြင်များကို ထည့်သွင်းပြောဆိုလာခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article