ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောရွာရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ လက်နက် ၁၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မေလ ၁၈ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ရှေ့တန်းကာကင်းစခန်းကို အမှတ် ၂ စစ်ဆင်ရေး နယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး) ၊ အမှတ် (၃၇၀၁) တပ်ရင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ G-4 သေနတ် ၂ လက်၊ G-3 သေနတ် ၂ လက်၊ G-2 သေနတ် ၁ လက်နှင့် M-1 ကာဘိုင် သေနတ် ၉ လက် နှင့် ခဲယမ်းများ ဆက်စပ် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက် စစ်ကောင်စီတပ် ကာကင်းစခန်းများကို ရှင်းလင်း ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
