ရန်ကုန်၊ မေ ၂၇
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာအနီးရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းနှင့်ဂတ်စ်တွန်းစက်စခန်းကို ဝင် ရောက် တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ဂျန်မာစက်တစ် လုံးသိမ်း ဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
မေလ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်၍ နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာအနီးရှိ တရုတ်နိုင်ငံ ပိုင်ဂတ်စ်ပိုင်းစောင့် စစ်ကောင်စီတပ်စခန်းကို ၉/အညာမြေစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် အသည်းအသန်ဗုံးကျဲခုခံခဲ့ကြောင်း၊ သို့ရာတွင် မေလ ၁၅ ရက်နေ့ ည ၃ နာရီအထိ တိုက်ပွဲကြာမြင့်ခဲ့ပြီးနောက် စခန်းသိမ်းယူနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး အူစီ အမျိုးအစား သေ နတ် တစ်လက်၊ MA 3 အမျိုးအစား သေနတ် တစ်လက်နှင့် 8 Channel ဂျန်မာ တစ်လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
“မနက် ၆ နာရီကနေ စတိုက်တာ၊ ညနေ ၃ နာရီလောက်မှ သိမ်းမိပြီး ပြန်ဆုတ်လာခဲ့နိုင်တာ၊ လေ ယာဉ်က တအားဗုံးကျဲချနေတော့ တဖြည်းဖြည်းချင်းတက်သိမ်းရတာ၊ စခန်းထဲမှာက မျက်မြင် အ လောင်းရတာ ၂ လောင်း၊ တခြားဘေးမှာ သေနေတာက ၂ လောင်းဆိုတော့ စုစုပေါင်း ၄ ယောက် သေတာ၊ အင်အားက မများဘူး ။ ၁၅ ဦးလောက်ပဲရှိတာ၊ စခန်းဘန်ကာတွေတော့ ဖျက်ဆီးခဲ့တယ်၊ ကျနော်တို့ နည်းနည်း ပြန်ဆုတ်ပေးလိုက်တော့ စခတွေထွက်ပြေးသွားတာ၊ နွားထိုးကြီးမြို့ထဲပြန် ပေါင်း သွားတာ၊ လက်ရှိအထိ အဲဒီစခန်းကို ပြန်မဝင်ဘူး။ လက်ရှိနွားထိုးကြီးမြို့ထဲမှာ စခတွေ ပေါင်း နေကြတယ်” ဟု မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းနှင့် နွားထိုးကြီးမြို့နယ် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နွားထိုးကြီးပကဖမှ ရဲဘော် ၁ ဦးကျဆုံးကာ စစ်ကောင်စီတပ်၏ လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိသည့် ရဲဘော်တစ်ဦး ရှိကြောင်း သိရ သည်။
တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက် ခိုက်သိမ်းပိုက်မှုသည် နိုင်ငံရေးအရ အရေးပါပြီး စစ်ကောင်စီတပ်အနေဖြင့် တရုတ်၏ အကျိုးစီးပွားကို အကာအကွယ်မပေးနိုင်တော့သည့် အခြေအနေကို ပေါ်လွင်စေကြောင်း၊ တော်လှန်ရေးတပ်များအနေဖြင့် စစ်တပ် ကာကွယ်ထားသော စစ်စခန်းများနှင့်အတူ တရုတ်၏ အကျိုးစီးပွား စက်ရုံနှင့်နေရာများကို သိမ်းပိုက်ခြင်းမှာ နိုင်ငံရေးအရ အပြောင်းအလဲများ စွာ ဖြစ်ပေါ်လာသည်ဟုဆိုနိုင်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တချို့က ပြောဆိုသည်။
“တကယ်တော့ စစ်တပ်က တရုတ်အကျိုးစီးပွားကို တကယ်ကို အကာအကွယ်မပေးနိုင်တော့ဘူးဆိုတာ တရုတ်တွေ သိသင့်ပြီ။ တရုတ်အကျိုးစီးပွားတွေအတွက် တော်လှန်ရေးတပ်တွေနဲ့ မဆက်ဆံရင် မရတဲ့ အခြေအနေ ရောက်လာပြီလို့ ပြောလို့ရတယ်” ဟု တိုင်းရင်းသား တော်လှန်ရေးတပ် -ERO များနှင့် ထိတွေ့ဆက်ဆံနေသော တော်လှန်ရေး သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

