26 C
Yangon

ပြည်ပရောက် တက်ကြွလှုပ်ရှားသူများ၏ ကုန်ပစ္စည်းများကို ဝယ်ယူအားပေးလျှင် အကြမ်းဖက်ဥပဒေဖြင့်အရေး ယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်မှု တော်လှန်ရေးထောက်ပို့လမ်းကြောင်းဖြတ်တောက်ရန် ရည်ရွယ်ဟုဆို

Must read

ရန်ကုန်၊ ဇွန် ၃

ပြည်ပတွင်ရောက်ရှိနေကြသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ၏ ကုန်ပစ္စည်းများကို ဝယ် ယူအားပေးလျှင် အကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်လာမှု တော်လှန်ရေးထောက်ပို့လမ်းကြောင်းဖြတ်တောက်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သုံးသပ်ပြောဆိုသည်။

တော်လှန်ရေးကို ထောက်ပို့လှူဒါန်းနေသည့် အဆိုတော် ချမ်းချမ်း၊ ပန်ဆယ်လို အကောင့်ပိုင်ရှင် အိမ့်ပိုးဥ၊ ShweNadi အကောင့်ပိုင်ရှင် သင်းသင်းနွယ်၊ Aung Thaw အကောင့်ပိုင်ရှင် အောင်သော်၊ Khaing Su Lwin အကောင့်ပိုင်ရှင် DCS ဆရာမ ခိုင်စုလွင်၊ P&H Fashion အကောင့်ပိုင်ရှင် ထက်နီနီသန်း၊ Tr Chan Chan အကောင့်ပိုင်ရှင် ချမ်းမြမြသော် စသည့် လူမှုကွန်ရက်အကောင့်များဖြင့် ချိတ်ဆက်ခြင်း၊ ရောင်းချသည့်ပစ္စည်းများ အားဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်းနှင့် ထိုသို့ဆောင် ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက်နေသူများကိုလည်း အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ညပိုင်း ထုတ်ပြန်ကြေညာသည်။

“အဓိက တော်လှန်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ထောက်ကူနေတဲ့ ပြည်သူလူထုရဲ့ ထောက်ပို့အင်အားကို ကြောက် ရွံ့တဲ့သဘောပေါ့နော်။ အဲဒီအတွက်ကြောင့်မို့ ဒါကို နည်းလမ်းပေါင်းစုံနဲ့ ဖြတ်တောက်ဖို့ ကြိုးစားတယ်လို့ပဲ မြင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ ဘယ်လောက်ပဲလုပ်လုပ် ပြည်သူလူထုကတော့ ရတဲ့နည်းလမ်းရှာပြီးတော့ တော်လှန်ရေးကို စိုက်ထုတ်နေမှာဖြစ်တယ်။ ထောက်ပို့နေမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတော်လှန်ရေးက ပြည်သူကနေ စခဲ့တဲ့ ပြည်သူ့ဆန္ဒ တစ်သားတည်းကိုက်ညီတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်မို့ စစ်အာဏာရှင်က ဘယ်လောက်ပဲ တားဆီးဖို့ ကြိုးစားပါစေ ပြည်သူကတော့ နည်းလမ်းရှာပြီး ထောက်ပို့နေမှာဖြစ်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။

အဆိုတော် ချမ်းချမ်းနှင့် ချိတ်ဆက်၍ အွန်လိုင်းရောင်းချမှုများ လုပ်ကိုင်ပေးနေသူ ၂ ဦးကို စစ်ကောင်စီက ဖ မ်းဆီးရရှိထားကြောင်း၊ အဆိုပါ အွန်လိုင်းရောင်းချသူ ၂ ဦးသည် အဆိုတော် ချမ်းချမ်းနှင့်ချိတ်ဆက်၍ ပြည်ပမှနိုင်ငံခြားဖြစ်ပစ္စည်းများကို အခကြေးငွေဖြင့် ထပ်ဆင့်ဖြန့်ဝေရောင်းချခြင်း၊ ငွေကြေး ကောက်ခံ ပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

အဆိုတော် ချမ်းချမ်းက Shop Me အမည်ဖြင့် Facebook Page ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားဖြစ် လက်ကိုင်အိတ်၊ နာရီ၊ ခါးပတ်နှင့် အင်္ကျီစသော အသုံးအဆောင်ပစ္စည်းများအား အွန်လိုင်းမှတစ်ဆင့်ရောင်းချ၍ ပြည်တွင်းသို့ တင်သွင်းကာ ဖြန့်ဖြူးရောင်းချနေကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီက ၎င်းတို့အလိုရှိနေသူများနှင့် ချိတ်ဆက်ခြင်း၊ ကုန်ပစ္စည်းများဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည် ရောင်းချခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် အားပေးကူညီနေသူများသည် အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article