ရန်ကုန်၊ ဇွန် ၁၅
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် “ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ ” ကြွေးကြော် ဆန္ဒပြကြသည်။
ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသရှိ ကျေးရွာတစ်ရွာတွင် လက်ပံတောင်းတောင်ပင်မသပိတ်မှ ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀နှစ် ပြည့်မွေးနေ့အကြို အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ်
“ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ “ စာတန်းပါ ဘန်နာများ ကိုင်ဆွဲ၍ ကျေးရွာလူထုမှ ချီတက်ဆန္ဒထုတ်ဖော်ကြသည်။
ဆန္ဒပြ ကျေးရွာလူထုက နှင်းဆီပန်းများပန်ဆင်ပြီး ပန်းသပိတ်ကို ဆင်နွှဲ၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားအကျဉ်းချခံ ပြည်သူများကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။
အလားတူ ရွှေဘိုမြို့နယ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန် ၁၉ ရက်နေ့ ပန်းသပိတ်တွင် ပါဝင်ရေး လှုံ့ဆော်ကြကြောင်း သိရှိရသည်။


