25.7 C
Yangon

ကန့်ဘလူတွင် စစ်သားနှင့် ပျူစောထီးများက ဆွံအ ပြည်သူ ၁ ဦး အပါအဝင် ပြည်သူ ၉ ဦးကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့

Must read

ရန်ကုန်၊ ဇွန် ၂၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများက ဆွံအ ပြည်သူ ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးကို ဖမ်းဆီးပြီး ညှင်းပန်း နှိပ်စက်သတ်ဖြတ်ကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ဝက်တိုး(တောင်) ရွာမှ တဆင့် သပြေသာရွာနှင့် ကျောင်းကုန်းရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့သော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူများကို ဖမ်းဆီးခြင်း၊ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူ ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ၃ ရက် ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ၎င်းတို့ ဖမ်းဆီးထားသော ဆွံ့အ ပြည်သူ အသက် ၅၀ အရွယ် ဦးလှိုင်းဇာဇာ၊ အသက် ၄၅ နှစ်အရွယ် ၊ ဦးအောင်နိုင် ၊ ဦးတရုတ်ကြီး ၊ အသက် ၃၄ နှစ်အရွယ် ကိုမျိုးထက် ၊ ဖိုလ်ကုန်းရွာမှ အသက် ၅၃ နှစ်အရွယ် ဦးဝင်း ၊ အသက် ၆၀ အရွယ် ဦးချစ်ဝင်း ၊ ကျောင်းကုန်းကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ကိုသိန်းတိုး ၊ အသက် ၄၅ နှစ်အရွယ် ဦးမြင့်မောင် နှင့် ဦးမျိုးဆန်းတို့ကို လက်ပြန်ကြိုးတုပ်၍ ညှင်းပန်း နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ပြည်သူတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ကြောင်းက ပြန်ထွက်သွားလို့ ဝင်ကြည့်တော့ ဖမ်းခံရတဲ့ ပြည်သူတွေက အကုန်သတ်ခံထားရတာ ၃ ရက် ရှိပြီဆိုတော့ တချို့အလောင်းက အကောင်တွေကျနေပြီ သတ်တာကလည်း ရက်ရက်စက်စက်ပဲ လက်ပြန်ကြိုးတုပ်ထားပြီး တကိုယ်လုံးဓားတွေနဲ့ ထိုးထားမွှန်း သတ်ထားတာ ၊အဲ့ထဲမှာ သပြေသာ ရွာက ဦးလှိုင်းဇာဇာ ဆိုတာ စကားမပြော တတ်ဘူး။ သူ့ကိုလည်း သတ်သွားတာပဲ တစ်ယောက်ဆိုရင် မီးရှို့ သတ်သွားတာ အလောင်းက အကုန်မလောင်သေးဘူး မီးရှို့ခံရတာလဲ ၂ ရွာပေါင်း အိမ်ခြေအတော်များတယ်။ အခုထိ ပျက်စီးမှု အတိအကျကို မသိရသေးဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၉ နာရီခန့်တွင် သပြေသာရွာနှင့် ကျောင်းကုန်းကြီးကျေးရွာတို့မှ ပြန်လည် ထွက်သွား ခြင်းဖြစ်ပြီး ဇီးကုန်းသကြားစက်သို့ ဝင်ရောက်သွားကြောင်း၊ ထိုမှတဆင့် မွန်းတည့် ၁၂ နာရီခန့်တွင် ဂွေးကုန်းကျေးရွာသို့ ပြန်လည် ဝင်ရောက်ရှိသွားကြောင်း၊ ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် သပြေသာရွာ ၊ကျောင်းကုန်းကျေးရွာတို့ အပါအဝင် အနီး အနား ရှိကျေးရွာများမှ ပြည်သူ ၈၀၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article