တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊ KNLA တပ်မဟာ ၄ ထံ စစ်ကောင်စီ တပ်သား ၅ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။
ဇူလိုင်လ ၅ ရက်နေ့တွင် စစ်တပ်၏ ခလရ ၁၀၃ တပ်ရင်း နှင့် ခလရ ၂၆၇ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၅ ဦးသည် သေနတ် ၂ လက်ယူဆောင်လာပြီး မြိတ်ထား-ဝယ်ခရိုင်၊ KNLA တပ်မဟာ ၄ အလင်းဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၅ ဦးသည် MA -1 သေနတ် ၂ လက်၊ ကျည်ဘောက် ၇ ခုနှင့် ကျည်ဆံ ၁၉၈ တောင့်ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆီမီးခုံနယ်မြေ ရဲစခန်းမှ ရဲတပ်သား ၁ ဦး မိသားစုနှင့်အတူ ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Myingyan Northerners Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇူလိုင်လ ၂ ရက်နေ့တွင် ဆီမီးခုံနယ်မြေ ရဲစခန်းမှ ရဲတပ်သား အောင်ကိုလတ်သည် မိသားစုနှင့်အတူ ခဲယမ်းများ ယူဆောင်လာပြီး မြင်းခြံမြောက်ပိုင်းသားများ ပြောက်ကျားတပ်ဖွဲ့ (MNGF) ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော ရဲတပ်သား အောင်ကိုလတ်သည် ကျည် ၁၆၀ နှင့် MG(1) ဗုံးသီး ၁ လုံးကို ယူဆောင်လာပြီး၊ မြင်းခြံမြောက်ပိုင်းသားများ ပြောက်ကျားတပ်ဖွဲ့ (MNGF)ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ရဲတပ်သား အောင်ကိုလတ်သည် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကို စက်ဆုပ်ရွံရှာပြီး အမြင်မှန်ရကာ မိသားစုကိုပါ ခေါ်ဆောင်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့အဖွဲ့ကို အလင်းဝင်ရောက်ဖို့ ချိတ်ဆက်လို့ သွားပြီးခေါ်လာတာပါ။ သူတို့အခြေအနေကြောင့် အခုမှ တင်ရတာပါ။ အလင်းဝင်ရောက်လာတဲ့သူကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့ ရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့ တက်နိုင်တဲ့အင်အားနဲ့ ချီးမြှင့်ထားတယ်။ထပ်ပြီး ချိတ်ဆက်ဖို့လည်း ရှိပါတယ် “ဟု Myingyan Northerners Guerrilla Force မှ တာဝန်ရှိသူက ပြောဆိုသည်။
အလင်းဝင်လာသော ရဲတပ်သားနှင့် ၎င်း၏ မိသားစုဝင်ကို လုံခြုံစိတ်ချရသော နေရာသို့ ပို့ဆောင်ကာ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ထပ်မံ၍ အကြမ်းဖက်စစ်တပ်မှ စစ်ကောင်စီ တပ်သားများအနေဖြင့် အမြင်မှန်ရကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုပါက မြင်းခြံမြောက်ပိုင်းသားများ ပြောက် ကျားတပ်ဖွဲ့(MNGF) နေဖြင့် ကူညီဆောင်ရွက်ပေးသွားပါမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသည်။


