မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် နတ်မောက်မြို့နယ်၊ ကမ်းပြိုကျေးရွာ နှင့် ကွင်းကြီးကျေးရွာ အကြားရှိ ဘုတောင် နှင့် ဘတောင်အနီး၌ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်သား၊ ရဲ နှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ၆၀ မမ ၊ ၄၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သမုန်းကုန်းကြီးကျေးရွာ အတွင်း ဝင်ရောက်သွားပြီး ညအိပ်တပ်စွဲခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သမုန်းကုန်းကြီးကျေးရွာမှ ထွက်လာစဉ် သမုန်းကုန်းကြီးကျေးရွာနှင့် ကုလားရှင်ကျေးရွာ အကြားအရောက်တွင် တော်လှန်ရေး ရဲဘော်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အထိနာပြီး ကုလားရှင်ကျေးရွာဘက်ကို ဆုတ်ခွာသွားကြောင်း သိရသည်။
“ရွာမွန်တပ်ရယ်၊ စိုင်ကောင်းစခန်းရယ်၊ ကပစ ၁၇ ရယ်ပေါင်းပြီး ရွာမွန်ကနေ ထွက်လာတဲ့ စစ်ကြောင်း ပါ။ ထွက်လာတာက ဇူလိုင်လ ၁၆ ရက်နေ့ကတည်းကပဲ မနေ့က မနက်ပိုင်းကနေ ဒီနေ့ အထိ ပဲ လိုက်လံတိုက်ခိုက်နေတာပါ။ အခုချိန်အထိ ပြန်မဆုတ်သေးလို့ ကျနော်တို့လည်း ရှေ့တန်း တစ်နေရာမှာပဲရှိသေးတယ်။ စစ်ခွေး အင်အားက အရမ်းများတော့ ရင်ဆိုင်တိုက်ပွဲတော့ လုပ်နိုင်ခြင်းမရှိဘူး။ အင်အားပြုန်းတီးရေးနဲ့ ခြောက်လှန့်ရေးအတွက်ပဲ လုပ်ဆောင်နေရတယ်။ စစ်ခွေး သေဆုံး ထိခိုက်မှု မသိရသေးဘူး” ဟု ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၃ ငါးပြေမတပ်ရင်း၊ နတ်မောက် ပကဖ နှင့် ဒေါင်းစစ် သည်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
