တနင်္ဿာရီတိုင်း၊ ပုလောမြို့နယ်၊ မိမ္မမြို့ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ကလေးငယ် ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များ ပြားကာ သေဆုံးသူများ ထပ်တိုးနိုင်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြိတ်လေတပ်မှ ထွက်ခွာလာသော ဂျက်ဖိုက်တာ ၁ စီးက ပုလောမြို့နယ်၊ မိမ္မမြို့ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကာ ဒဏ်ရာပြင်းထန်သူများ ပါဝင်သောကြောင့် သေသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း သိရှိရသည်။
“သေဆုံးသူ အရေအတွက် အခုအတည်ပြုနိုင်တာ ကလေး ၁ ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ သိရတယ်။ သေဆုံးသူ အရေအတွက်က ထပ်တိုးလာနိုင်တယ်။ ဒဏ်ရာရသူများတယ်။ ကျနော်တို့ လက်ရှိအချိန်ထိ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေဆဲဖြစ်ပါတယ်” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း နေအိမ် ၃ လုံးလည်း ထိခိုက် ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
