ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗလခကျေးရွာသို့ မီးလောင် ဗုံး ၂ လုံးကျဲချ၍ ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် မြစ်ကြီးနား လေဆိပ်မှ တက်လာသည့် တိုက်လေယာဉ် ၁ စီးက ဖားကန့်မြို့နယ်ပေါ်တွင် ၅ ခေါက်ဝဲ၍ ဗလခကျေးရွာဘက်သို့ ဗုံးကျဲချခဲ့ကြောင်း၊ ယနေ့ ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း လက်နက်ကြီးများနှင့် အပြန်အလှန်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
“မနေ့တုန်းက ညနေ ၅ နာရီ ၄၀ မှာလည်း မြစ်ကြီးနားလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ ဖားကန့်မှာ ၅ ခေါက်လောက်ဝဲပြီးတော့ ဗလခ ကျေးရွာဘက်ကို ဗုံး ၂ လုံးချသွားတာပေါ့။ မီးလောင်ဗုံး ချတာကြောင့် ဗလခကျေးရွာမှာရှိတဲ့ ပြည်သူ့နေအိမ်တွေ မီးလောင် တာတွေ ရှိတယ်။ မနေ့တုန်းက တစ်နေကုန်နီးပါးလည်း လက်နက်ကြီးနဲ့ အပြန် အလှန်ပစ်ကြတယ်။ ဒီ ၁ လကျော် အတွင်း အကြမ်းဖက်စစ်တပ်ဘက်က အရာရှိတွေ ၊စစ်သားတွေ ထိခိုက်သေဆုံးတာက အနည်းဆုံး ၁၀၀ နီးပါးရှိပြီ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က မော်မောင်လယန်ရွာတွင် စစ်တပ် စစ်ကြောင်း ၁ ခု ၊ မော်ဝမ်း ကလေးတွင် စစ်ကြောင်း ၁ ခု ၊ အမှိုက်ပုံနှင့် မော်ဝမ်း သင်္ချိုင်းဘက်တွင် စစ်ကြောင်း ၁ ခု စုစုပေါင်း စစ်ကြောင်း ၃ ခု တပ်စွဲထားကြောင်း၊ အဆိုပါ စစ်ကြောင်းများက မော်မောင်းကုန်းဘက်သို့ ဦးတည်ကာ လမောင်ကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။
ဖားကန့်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေသည်မှာ ၂ လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာ ၁၀ ရွာမှ အနည်းဆုံး ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကြောင်း၊ ပြည်သူ ၅၀ ကျော်ကိုလည်း အကြမ်းဖက်စစ်တပ်က မတရားသတ်ဖြတ်ထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
