29.1 C
Yangon

အင်းစိန်ထောင်တွင် စစ်တပ်၏ စစ်ကြောရေးအတွင်း နှိပ်စက်ညှင်းပန်းခဲ့သည့် ဒဏ်ရာများဖြင့် ဆေးဝါးကုသခွင့်မရဘဲ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ကွယ်လွန်

Must read

ရန်ကုန်၊ ဇူလိုင် ၂၀

အင်းစိန်အကျဉ်းထောင်တွင် စစ်တပ်၏ စစ်ကြောရေးအတွင်း နှိပ် စက် ညှင်းပန်းခဲ့သည့် ဒဏ် ရာများဖြင့် ဆေးဝါးကုသခွင့်မရဘဲ နိုင်ငံ ရေးအကျဉ်းသူ မဝတ်ရည်အောင် ယနေ့ ကွယ် လွန်သွားသည်။

နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သူ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်မှာ စစ်တပ် စစ်ကြောရေးတွင် နှိပ်စက်ညှင်းပန်းခံခဲ့ရသည့်အပြင် အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသခွင့်မရခဲ့သဖြင့် ကျဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မဝတ်ရည်အောင်သည် အကြမ်းဖက်စစ်ကောင်စီတပ် အာဏာသိမ်းမှုကို ကျောင်းသားထုနှင့် အတူလက်တွဲပြီး ဆန့်ကျင်ခဲ့သည့်အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် အခြားကျောင်းသား ၅ ဦးနှင့်အတူ ကျောက်တံတားမြို့နယ်တွင် မတရား ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကနေ မဝတ်ရည်အောင်ကျဆုံးမှုအပေါ် တာဝန်ရှိတဲ့သူတွေရဲ့ လုပ်ရပ်တွေကို ဆက်လက် စုံစမ်းဖော်ထုတ်သွားမယ်လို့ပဲ ပြောချင်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီးနောက် မဝတ်ရည်အောင်ကို အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး စစ်ကြောရေးတွင် နှိပ်စက်ညှင်းပန်းခဲ့သည့် အတွက် ဦးခေါင်းအတွင်း ဒဏ်ရာရရှိခဲ့ကြောင်း၊ အကျဉ်းထောင်အတွင်း ရောက်ရှိချိန်တွင်လည်း လုံလောက်သည့် ဆေးဝါးကုသခွင့်ကို မပေးခဲ့ကြောင်း၊ ထို့ပြင် ကျန်းမာရေးအခြေအနေဆိုးဝါးနေသည့် မဝတ်ရည်အောင်ကို အင်းစိန်အကျဉ်းထောင်မှတစ်ဆင့် ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများ အဖွဲ့ထံမှ သိရှိရသည်။

ဒိုက်ဦးအကျဉ်းထောင်သို့ ရောက်ရှိသောအခါ မဝတ်ရည်အောင်ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာသည့်အတွက် ပြင်ပဆေးရုံတွင် ဆေးဝါးကုသခွင့် တောင်းခံခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ ယင်းနောက် အင်းစိန်အကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ကာ ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခဲ့ကြောင်း သိရှိရသည်။

မဝတ်ရည်အောင်မှာ ကျန်း မာ ရေးအခြေအနေဆိုးဝါးလာသည့်တိုင် အကျဉ်းဦးစီးဌာနက လုံလောက်သည့် ဆေးဝါးကုသခွင့်ကို မပေးခဲ့ဘဲ ဟန်ပြသာ လုပ်ဆောင်ခဲ့၍ နောက်ဆုံးတွင် အကျဉ်း ထောင်အတွင်း ကွယ်လွန်သွားခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article