25.9 C
Yangon

ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာတွင် အထိုင်ချထားသော စစ်တပ်စခန်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Southern Yesagyo PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ၊ ၄၀ မမ လက်နက်ကြီးများဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော စစ်သား အလောင်းနှင့် ဒဏ်ရာရသူ ၂ ဦးကို အရှေ့ဘုန်းကံရွာမှ ပခုက္ကူမြို့ သီတာလမ်းဂိတ်အထိ လုံခြုံရေး ကင်း အထပ်ထပ် ချကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပခုက္ကူမြို့သို့ ပြန်လည် သယ်ဆောင်သွားကြောင်း သိရှိရသည်။

“၆၀ မမက ၃ လုံးပစ်ခဲ့တာ၊ ၄၀ မမကတော့ စခန်းနားသွားပြီး ကပ်တွယ်ခဲ့တာ၊ အာဇာနည်နေ့ အ ထိမ်း အမှတ်ဆိုပြီး သွားပစ်ကြတာ၊ အရာရှိတော့မဟုတ်လောက်ဘူး။ သေတဲ့အလောင်းတွေမှန် သမျှ ပခုက္ကူပဲသယ်ကြတာ၊ ပခုက္ကူမြို့၊ သီတာလမ်းဂိတ်၊ ရေဘေး၊ ဘုန်းကံဂိတ်ဆိုတာက တစ်တန်း တည်းပဲ၊ အဲဒီတစ်တန်းလုံးကို အင်အား ရာဂဏန်းလောက်ချတယ်။ ပြီးတော့ ကင်းပုန်းတွေဘာ‌တွေ ချပြီးမှသယ်သွားတာ၊ ဘုန်းကံဂိတ်ကိုလည်း အင်အား ၇၀ လောက်ထပ်ဖြည့်ထားတယ်” ဟု Southern Yesagyo PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Southern Yesagyo Local တပ်ပေါင်းစု ၊ Southern YSO PDF ၊ ဒေါင်းညီ နောင် ၊ ပြည်သူ့အားမာန် ၊ King Cobra ၊ Yesagyo Revolution Group (YRG) နှင့် ဒေါင်းစစ်သည် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article