မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ်သင်္ဘောစီး ၁၄ စီးကို တိုက်ခိုက်ရာ သင်္ဘော ၁ စီး နစ်မြုပ်သွားပြီး စစ်သင်္ဘော ၁ စီးအပါအဝင် ၃ စီး မီးလောင် ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မ တော် (မန္တလေး) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၁၇ ရက်နေ့တွင် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်း အတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၅ စီးပါ စုစုပေါင်း သင်္ဘော ၁၄ စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များ တစ်လျှောက် ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြစ်ကြောင်းတစ်လျှောက် တိုက်ခိုက်မှု လက်နက်ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်ထားသော တွဲတွန်းသင်္ဘော ၁ စီး နစ်မြှုပ်သွားပြီး စစ်သင်္ဘော ၁ စီးနှင့် တွန်း သင်္ဘော ၂ စီး မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မတ္တရာ ၊ စဉ့်ကူး ၊ သပိတ်ကျင်း မြစ်ကြောင်းတစ်လျှောက်မှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။ တစ်စီးကတော့ လုံးဝ နစ်သွားတယ် ၊ မီးလောက်သွားတဲ့ သင်္ဘောတွေကိုတော့ ဘေးနှစ်ဖက် ကနေ ညှပ်ဆွဲ တွဲခေါ်ပြီး ဆန်တက်သွားတယ်။ မီးလောင်ပျက်စီးတာ တော်တော်များတယ်။ ရိက္ခာ နဲ့ ခဲယမ်းပျက်စီးဆုံးရှုးမှုများနိုင်ပြီး အထိနာတယ်လို ပြောလိုရတယ်။ အထက်ဘက်ကိုတော့ ဆက် လက် ဆန်တက်သွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထပ်မံဖြတ်တောက်ဖို့ ကြိုစားနေတာတော့ ရှိပါ တယ်။ အထိနာထားတော့ စစ်ကောင်စီအနေနဲ့ ရည်မှန်းချက်ကို ရောက်ရှိဖို့ မလွယ်ကူနိုင်ဘူးလို့ ပြောလို့ရပါတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်သည် အထက်သို့ ဆန်တက်ရာ၌ မြစ်ကြောင်း တစ်လျှောက်တွင် Y-12 လေယာဉ်များဖြင့် ထပ်ကြပ်မကွာ ဗုံးကျဲ စောင့်ရှောက်ပေးခဲ့ပြီး ဂျက်ဖိုက်တာ၊ Mi-35 များဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်နေသည့်ကြားမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တော်လှန်ရေး ရဲဘော်များက တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



