အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ တရားမဝင်အတုအယောင်ရွေး ကောက်ပွဲမှာ အသုံးပြုဖို့ ပြင်ဆင်နေတဲ့ အီလက်ထရောနစ် မဲပေးစက် (Electronic Voting Machine- EVM) ဆိုတာတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတဦးတယောက်ချင်းစီရဲ့ အခြေခံလူ့အခွင့်အရေးတွေကို အလွယ်တကူ ချိုးဖောက်နိုင်ဖို့ စနစ်တကျသေချာ ပြင်ဆင်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်စက်(Human Rights Violation Machine – HRVM) တွေပဲဖြစ်ပါတယ်။
အမှန်အတိုင်းပြောရမယ်ဆိုရင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲ တရပ်ကို ပြုလုပ်ပိုင်ခွင့်ရှိတဲ့ တရားဝင်အစိုးရတရပ်မဟုတ်သလို၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲတရပ်ကို လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းလည်း ရှိမနေတဲ့ အခြေအနေဖြစ်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ ဒီလုပ်ရပ်ဟာ ရွေးကောက်ပွဲလို့ အမည်တပ်ထားတဲ့ တရားမဝင်သော၊ အတုအယောင်ဖြစ်သောလုပ်ပွဲ တခုသာဖြစ်မယ့်အပြင် သူတို့ရဲ့ လုပ်ပွဲမှာ သူတို့လိုချင်သော ရလဒ်ထွက်လာရေးအတွက် မဟုတ်မမှန်တဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတဲ့အချက်ကလည်း ငြင်းမရတဲ့ သေချာမှုတစ်ခုပါ။
ဒါ့ကြောင့် အကြမ်းဖက် စစ်အုပ်စု မဖြစ်မနေပြုလုပ်သွားမှာဖြစ်တဲ့ မဟုတ်မမှန်သောနည်းလမ်းတွေကို တခုချင်းဆီ လိုက်လံ ထောက်ပြတာဟာ သူတို့ရဲ့ ကစားကွက်ထဲ ဝင်ကစားသလိုဖြစ်တာကြောင့် သိပ်ပြီး လုပ်လိုစိတ် မရှိပေမယ့် အခုကိစ္စကတော့ ပြည်သူတွေလည်း သိသင့်၊ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်လုပ်ပွဲကို ထောက်ခံဖို့ စိုင်းပြင်းနေတဲ့ နိုင်ငံအချို့နဲ့ ရွေးကောက်ပွဲကို ဘာလို့ ဆန့်ကျင်နေမလဲ လက်ခံလိုက် ပါလားလို့ ဘူမသိကိုးမသိနဲ့ စွတ်ပြောနေကြသူအချို့ သတိထားမိကြစေဖို့ ရည်ရွယ်ပြီး ဒီစာကို ရေးသားခြင်းဖြစ်ပါတယ်။
အထက်မှာပြောခဲ့သလိုပါပဲ အကြမ်းဖက်စစ်အုပ်စု အသုံးပြုဖို့ ပြင်ဆင်နေတဲ့ လျှပ်စစ်မဲပေးစက်(Electronic Voting Machine- EVM) ဆိုတာတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတဦးတယောက်ချင်းစီရဲ့ အခြေခံလူ့အခွင့်အရေးတွေကို အလွယ်တကူချိုးဖောက်နိုင်ဖို့ စနစ်တကျသေချာ ပြင်ဆင်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်စက်(Human Rights Violation Machine – HRVM) တွေပဲဖြစ်တယ်ဆိုတာကို ထပ်ရှင်းပြချင်ပါတယ်။
စက်ရဲ့ ပုံစံကတော့ ရိုးရိုးရှင်းရှင်းပါပဲ ဆန္ဒပြုစက် (Ballot Unit – BU) , ထိန်းချုပ်စက် (Control Unit – CU)နဲ့ မဲပေးချက်ဖော်ပြတဲ့စက် (Verification Unit – VU) ဆိုပြီး အပိုင်း ၃ ပိုင်း ပါဝင်ပါတယ်။
မြင်သာအောင်ရှင်းပြရရင် ပုံမှန်အားဖြင့် ကျွန်တော်တို့တွေ မဲပေးတဲ့အခါ မဲလက်မှတ်ထုတ်ပေးပြီး ဆန္ဒပြုခန်းထဲကိုသွားရတယ်။ ပြီးရင် ကိုယ်ကလွဲလို့ အခြားဘယ်သူမှ ရှိမနေတဲ့ ဆန္ဒပြုခန်းထဲ ရောက်တဲ့အခါ မဲလက်မှတ်ပေါ်က ကိုယ်ပေးချင်တဲ့ ပါတီတံဆိပ်ဘေးမှာ တံဆိပ်တုံးထုကြရတယ်။
ဘယ်သူ့ကိုမှလည်း မပေးချင်ဘူး၊ ရည်ရွယ်ချက်ရှိရှိကို ကိုယ့်မဲကို ပယ်မဲဖြစ်စေချင်တယ်ဆိုရင်လည်း ဘယ်ပါတီကိုမှ မဲမပေးတာမျိုး၊ တံဆိပ်တုံးကို အများကြီးထုပစ်တာမျိုးတွေလုပ်လို့ရတယ်။ ပြောရရင် ကိုယ်ရတဲ့ မဲလက်မှတ်ကို ကိုယ်က ဘာလုပ်လိုက်တယ်ဆိုတာဟာ ပြည်သူ တဦးတယောက်ချင်းစီ တိုင်းရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်(Voter Privacy) ပဲဖြစ်ပြီး ဘယ်သူမှ သိပိုင်ခွင့်မရှိဘူး။
ကိုယ့်ရဲ့ သဘောထားဆန္ဒကို မဲလက်မှတ်မှာ တနည်းနည်းနဲ့ ဖော်ပြပြီး အဲဒီ့ မဲလက်မှတ်ကို ကိုယ်တိုင် မဲပုံးထဲထည့်လိုက်တဲ့အခါ အခြား ဆန္ဒမဲလက်မှတ်တွေနဲ့ ရောသွားတဲ့အတွက် ပြည်သူတယောက်ချင်း ဆီဟာ ဘယ်သူ့ကို မဲပေးခဲ့တယ်၊ ဘယ်သူ့ကို မဲမပေးခဲ့ဘူး၊ ပယ်မဲလုပ်ခဲ့တယ် စတဲ့ ကိစ္စကို ကိုယ်တိုင်ကသာ ထုတ်မပြောခဲ့ဘူးဆိုရင် ဘယ်သူကမှ မသိတော့ပါဘူး။ ဒါက ပုံမှန် မဲပေးမှုအခြေအနေပါ။
အခု အကြမ်းဖက်စစ်အုပ်စု ဖန်တီးထားတဲ့ စက်ကို သုံးမယ်ဆိုရင်တော့ မဲစာရွက်ဆိုတာမရှိတော့ဘဲ ဆန္ဒပြုစက် (Ballot Unit – BU) လို့ခေါ်တဲ့ စက်ကနေ စက်ခလုတ်ကို နှိပ်ပြီး မဲပေးရမှာဖြစ်ပါတယ်။ အဲဒီ့ စက်ခလုပ်မှာ ကိုယ်နှိပ်လိုက်တဲ့ စက်ခလုပ်က ထိန်းချုပ်စက် (Control Unit – CU)လို့ ခေါ်တဲ့ စက်ဆီကို အတိအကျရောက်သွားမှာဖြစ်တာကြောင့် အမှတ်စဉ် ဘယ်လောက်က ဝင်လာတဲ့ မဲပေးသူ ဘယ်သူက ဘယ်ခလုပ်ကို နှိပ်သွားတယ် ဆိုတာဟာ ထိန်းချုပ်စက်မှာ အတိအကျကို ပေါ်နေမှာဖြစ်ပါတယ်။
အဲဒီ့တော့ အကြမ်းဖက်စစ်အုပ်စုဖန်တီးထားတဲ့ စက်ကို အသုံးပြုပြီး မဲပေးမယ်ဆိုရင် ပထမအဆင့်အနေနဲ့ မဲပေးသူရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်(Voter Privacy) ဟာ လုံးဝကို ကျိုးပေါက်သွားပါပြီ။
ဒုတိယတဆင့်ကို ထပ်ရှင်းပြချင်ပါတယ်။ ပုံမှန်အားဖြင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေ မဲပေးကြအပြီးမှာ ဆန္ဒမဲလက်မှတ်တွေကို လေ့လာစောင့်ကြည့် သူတွေရှေ့မှာ တရွက်ချင်းစီရေတွက်ပါတယ်။
အခု အကြမ်းဖက်စစ်အုပ်စုဖန်တီးထားတဲ့ စက်မှာတော့ ပြည်သူတွေက ဆန္ဒပြုစက်ကို အသုံးပြုပြီး ပေးလိုက်တဲ့ ဆန္ဒမဲတွေဟာ ထိန်းချုပ်စက်ကို ရောက်သွားပြီးနောက်မှာ အဲဒီ့ထိန်းချုပ်စက်ကနေတဆင့် မဲပေးချက်ဖော်ပြတဲ့စက် (Verification Unit – VU) ထဲကို လှမ်းပို့ပြီး အဲဒီ့ စက်ကနေ ရေတွက်ပြီး မဲအရေအတွက်တွေကို ထုတ်ပေးမှာဖြစ်ပါတယ်။
အဲဒီ့တော့ ဆန္ဒပြုစက်ထဲမှာ ပြည်သူပေါင်းများစွာ ခလုပ်ပေါင်းများစွာကိုနှိပ်ပြီး ဘယ်လိုပဲ မဲပေးပေး ထိန်းချုပ်စက်ကို ကိုင်တွယ်တဲ့သူက ခလုပ်တချက်နှိပ်ပြီး သူလိုချင်တဲ့ မဲရလဒ်တွေကို ပြောင်းပစ်လိုက်လို့ရနေတဲ့ စနစ်ပဲဖြစ်ပါတယ်။ ထိန်းချုပ်စက်ကို ကိုင်တွယ်ပြောင်းလဲ ခွင့်မရှိဘူးဆိုရင်တောင် အစကတည်းက ကိုယ်လိုချင်တဲ့ မဲရလဒ်ထွက်လာဖို့ ပရိုဂရမ်ရိုက်ထည့်ထား လို့ ရတယ်ဆိုပြီး ကွန်ပျူတာပရိုဂရမ်မင်း ကျွမ်းကျင်တဲ့ မိတ်ဆွေတယောက်က ပြောပါတယ်။
ဆိုတော့ကာ အကြမ်းဖက်စစ်အုပ်စုက သူလုပ်ဖို့ကြိုးစားနေတဲ့ ရွေးကောက်ပွဲ အမည်ခံ လုပ်ပွဲမှာ အသုံးပြုသွားမယ့် ဒီစက်တွေဟာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့် (Voter Privacy) ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တော့မှာဖြစ်သလို၊ ပေးလိုက်တဲ့ ဆန္ဒမဲတွေကိုလည်း လိုသလို အပြောင်းအလဲလုပ်ပြီး လူ့အခွင့်အရေးချိုးဖောက်ဦးမှာဖြစ်ပါတယ်။ ဒီ့ထက်ပိုဆိုးတာက ဘယ်သူက ဘယ်ပါတီကို မဲပေးသွားတယ်၊ ဘယ်သူက ဘယ်လို မဲပေးသွားတယ်ဆိုတဲ့ စာရင်းတွေကို ကိုင်ပြီး နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ဆက်လုပ်လာနိုင်ခြေရှိနေတာပါပဲ။
အကြမ်းဖက်စစ်အုပ်စုဟာ သူ့ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို လိမ်နည်း ညာနည်း လှည့်နည်း ပတ်နည်း ပေါင်းစုံနဲ့ လုပ်ပွဲဖန်တီးတဲ့နေရာမှာ လူ့အခွင့်အရေးချိုးဖောက်စက် (Human Rights Violation Machine – HRVM) တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုပြီး ကမ္ဘာကို မျက်လှည့်ပြတော့မှာကတော့ သေချာနေပါပြီ။
လူထုထောက်ခံမှုရှိတဲ့ နိုင်ငံရေးပါတီတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ထားပြီး လူထုထောက်ခံမှုမရှိတဲ့၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်းရင်တောင် ပြည်ထောင်စုလွှတ်တော်နေရာ ၁၀ ရာခိုင်နှုန်းပြည့်အောင် အနိုင်မရရှိခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေက မင်းအောင်လှိုင်အတွက် အိမ်ဖြည့် ဝင်ပြိုင်ပေးကြမယ့် လုပ်ပွဲကို ပြည် သူလူထုက စိတ်မဝင်စားကြပေမယ့် ပြည်သူလူထုကို သေနတ်ထောက် မဲပေးခိုင်းတာတွေ၊ အိမ်ပြင်မထွက်သူတွေကို အတင်းအကျပ် ခေါ်ထုတ်တာတွေ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ များစွာဟာလည်း ဒီ တရားမဝင် အတုအယောင်လုပ်ပွဲကာလတွေမှာ ဖြစ်ပေါ်လာနိုင်ချေရှိနေပါတယ်။
ကိုယ်အယုံအကြည်မရှိတဲ့၊ ကိုယ်မလိုလားတဲ့ အတုအယောင်လုပ်ပွဲမှာ မပူးပေါင်းမပါဝင်ဘဲ တိတ်ဆိတ်စွာနေပိုင်ခွင့်ဟာ ပြည် သူလူထုရဲ့ အခြေခံရပိုင်ခွင့်တခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ့ အခြေခံလူ့အခွင့်အရေးကိုလည်း အကြမ်းဖက်စစ်တပ်က နည်းလမ်းပေါင်းစုံနဲ့ ထိပါးချိုးဖောက် ပြီး ပြည်သူလူထုကို ဒုက္ခပေးဦးမှာဖြစ်ပါတယ်။ ဆိုတော့ကာ ပြောရမယ်ဆိုရင် အကြမ်းဖက်စစ်တပ် အသုံးပြုမယ့်စက်တွေဟာ လူ့အခွင့်အရေးချိုးဖောက်စက် (Human Rights Violation Machine – HRVM) တွေဖြစ်တယ်ဆိုတာတင်မကတော့ဘဲ သူတို့ ရွေးကောက်ပွဲလို့ အမည်တပ်ထားတဲ့ လုပ်ပွဲကြီးတခုလုံးက လူ့အခွင့်အရေးချိုးဖောက်ပွဲကြီး ဖြစ်လာဦးမှာ သေချာပါတယ်။
ဒီတော့ … လူ့အခွင့်အရေး လူ့အခွင့်အရေးလို့ အော်ဟစ်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ရော၊ လူပုဂ္ဂိုလ်တွေအနေနဲ့ပါ မြန်မာပြည်သူတွေ အကြီးအကျယ် လူ့အခွင့်အရေးချိုးဖောက် ခံကြရတော့မယ့် စကစရဲ့ “လူ့အခွင့်အရေးချိုးဖောက်ပွဲ” ကို ဘယ်လို သဘောထားပြီး၊ ဘယ်လို တွေ တုံ့ပြန်ဆောင်ရွက်ကြမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။
ပြည်သူလူထုနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေဘက်ကတော့ရှင်းပါတယ် … ဘယ်လို လုပ်ပွဲမျိုးကမှ ဒီ ခေတ်ပြောင်း၊ စနစ်ပြောင်းတော်လှန်ရေးကို တွေဝေတွန့်ဆုတ်သွားစေမှာ မဟုတ်ပါဘူး။ ပိုမိုခိုင်မာသော စိတ်ဓါတ်၊ ပိုမိုအားကောင်းသော စုဖွဲ့မှုတွေနဲ့ ရှေ့သို့ ဆက်လက်ချီတက်နေကြဦးမှာပဲ ဖြစ်ပါတယ်။
(စစ်မင်းနိုင်သူသည် ပြင်ပဆောင်းပါးရှင်နှင့်ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်သည်။)
