24.9 C
Yangon

နိုင်ငံတစ်ဝန်း ကျေးရွာနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ ပျူခေါင်းဆောင်နေရာများတွင် စစ်တပ်ထောက်ခံသူများ၊ ကြံ့ဖွတ်ပါတီဝင်များဖြင့် အစားထိုးခန့်အပ်ရန် ညွှန်ကြား

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

မြန်မာနိုင်ငံတစ်ဝန်း ကျေးရွာနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာများ ၊ လက် နက်ကိုင် ပျူစောထီး ခေါင်း ဆောင်နေရာများတွင် စစ်တပ်ထောက်ခံသူများ၊ ကြံ့ဖွတ်ပါတီဝင်များဖြင့် အစား ထိုးခန့်အပ်ပေးရန် စစ်ကောင်စီက ညွှန်ကြားလာကြောင်း နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယခု ၂၀၂၅ ခုနှစ် ဇွန်လအတွင်း နိုင်ငံတစ်ဝန်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးနေရာများတွင် ယခင်NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူများ ဆက်လက်တည်ရှိနေပါက မဖြစ်မနေ လဲလှယ်ထားရန်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များကို တပ်မ တော်ထောက်ခံသူများ (သို့မဟုတ်) ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးခန့်အပ်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားလာကြောင်း သိရှိရသည်။

“ယခင်အစိုးရ (NLD) လက်ထက်က အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင် တွေ ဆက်ရှိနေသေးရင် မဖြစ်မနေ အစား ထိုးဖို့ သက်ဆိုင်ရာ ခရိုင်တွေမှာ အစည်းအဝေးတွေ ခေါ်ပြောတာရှိတယ်။ ရပ်/ကျေးမှာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ထောက်ခံသူတွေက အုပ်ချုပ်ရေးမှူးနေရာတွေကို အဆို ပြုလာရင်လည်း ချက်ချင်းစိစစ်ပြီး ခရိုင်နဲ့မြို့နယ်က ချက်ချင်းခန့်ခွင့်အပ်ပေးဖို့။ စာထွက်တာမျိုးမဟုတ်ဘူး။ နှုတ်မိန့်လို့ ပြောလို့ရတယ် ” ဟု နေပြည်တော် ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် စစ်ကောင်စီက ဖွဲ့စည်းထားသောလက် နက်ကိုင် ပြည်သူ့စစ်(ခေါ်) ပျူစောထီးအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များတွင်လည်း ခေါင်းဆောင်ကဲ့သို့ အရေးကြီးသော အဆုံးအဖြတ်နေရာများကို တပ်မတော်ထောက်ခံသူများ၊ ကြံ့ခိုင်ရေးပါတီဝင်များဖြင့်သာ အစားထိုးနိုင်ရေး မြို့နယ်ထွေ/အုပ်များက ကူညီဆောင်ရွက်ပေးရန်လည်း ညွှန်ကြားထားသည်။

“ရပ်/ကျေး အုပ်ချုပ်ရေးမှူးနေရာ အပြောင်းအလဲ လုပ်တာက ပုံမှန်လုပ်ရိုးလုပ်စဉ် သဘောဖြစ်ပေမယ့် ပြည်သူ့စစ်နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ခေါင်းဆောင်နေရာတွေမှာ တပ်မတော်အမာခံ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ မဖြစ်မနေ အပြောင်းအလဲလုပ်ဖို့၊ အဲဒါကို သက်ဆိုင်ရာ ရပ်/ကျေး၊ မြို့နယ်ထွေ/အုပ်တွေက ကူညီလုပ်ဆောင်ပေးဖို့ဆိုတာကတော့ ရွေးကောက်ပွဲအတွက် ရည်ရွယ်တာဖြစ်ဖို့များတယ်” ဟု နေပြည်တော် ပြည်ထဲရေးသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

ကြံ့ဖွတ်ပါတီကလည်း လာမည့် ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခြင်း၊ ပါတီလှုပ်ရှားမှုများတွင် စစ်ကောင်စီက ဖွဲ့စည်းထားသော နယ်မြေခံ ပျူစောထီးများ ပြည်သူ့လုံခြုံရေး အဖွဲ့များ အပါအဝင် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မူဝါဒချမှတ်ထားကြောင်း ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ထုတ်ဖော်ပြောဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် ရှိနေသည့် ရွေးကောက်ပွဲတွင် မဲရုံများ၏ လုံခြုံရေး၊ ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးအတွက် နယ်မြေခံ ပျူစောထီးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များကို အဓိက အသုံးပြုမည်ဖြစ်ပြီး ယင်းအဖွဲ့များကို လက်နက်များ ပိုမို တပ်ဆင်သွားရန်ရှိနေသည်ဟု သိရှိရကြောင်း နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article