ရန်ကုန်၊ ဇူလိုင် ၂၆
အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် PDF အဖြစ် မှ စစ်ကောင်စီထံသို့ ခိုလှုံခဲ့ဖူးပြီးသား လူဟောင်းများကို စစ်တပ်က ပြန်လည်ခေါ်ယူကာ PDF ရဲဘော်အသစ်များအဖြစ် ထပ်မံ သရုပ် ဆောင်စေကာ အလင်းဝင်သည့် ပုံစံဖြင့် လိမ်လည် ဝါဒဖြန့် လျက်ရှိကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၁၅ ရက်နေ့ နေပြည်တော်စစ်ရုံးတွင် ပြုလုပ်ခဲ့သော စစ်ဘက်ဆိုင်ရာ အစည်းအဝေးတွင် တော်လှန်ရေးအဖွဲ့များအကြား သွေးစည်းညီညွတ်မှုကို ပြိုကွဲစေရန် ခေါင်းဆောင်များကို စည်းရုံးခြင်း၊ လက်နက်ကိုင်ဆောင်သော စိတ်ဓာတ်ပျက်ပြားစေရန် နည်းလမ်းမျိုးစုံ အသုံးပြု၍ ဖြိုခွဲရန် စစ်ရုံးက ညွှန်ကြားခဲ့ပြီးနောက် ယင်းကဲ့သို့ ယခင် အခမ်းအနားဖြင့် အလင်းဝင်ခဲ့ဖူးပြီး သော PDF များကို ပြန်လည် ခေါ်ယူကာ ထပ်မံ သရုပ်ဆောင် အလင်းဝင်ခိုင်းခြင်းဖြင့် လိမ်လည် ဝါဒဖြန့် လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“အရင် အလင်းဝင်တယ်ဆိုပြီး အခမ်းအနားနဲ့ လက်ခံခဲ့ပြီးသား လူဟောင်းတွေကို ပြန်ခေါ်ပြီး အလင်းထပ်ဝင်တဲ့လူတွေအဖြစ်နဲ့ ပြန်သရုပ်ဆောင်ခိုင်းတာပါ။ အလင်းဝင် အခမ်းအနားတွေမှာ ရုပ်တွေကိုလည်း ဝါးထားတာ ဖြစ်တဲ့အတွက် လုံခြုံရေးအာမခံပြီး ပြန်သရုပ်ဆောင်ခိုင်းတာ။ အဓိက တစ်ဖက်အဖွဲ့အစည်းကြားမှာ မယုံမကြည်ဖြစ်ပြီး အလင်းဝင်လာကြပြီ ဆိုပြီး လုပ်ချင်တာ။ အများစုက အလင်းဝင်ထားပြီးသား လူဟောင်းတွေကို အာဏာနဲ့ ပြန်ဆင့်ခေါ်ပြီး သရုပ်ဆောင်ခိုင်းတာပါ။ တော်လှန်ရေးဘက်က ပြေးလာတဲ့ လူသစ်တချို့လည်း ပါဝင်ပါတယ်။ ဒါပေမယ့် လူသစ်က ၁ ဦးစ၊၂ ဦးစပဲ ရှိတယ်။ လူသစ်နဲ့ လူဟောင်းတွေကို ပြန်ရောပြီး အလင်းဝင်တဲ့ ဇတ်လမ်းကို သရုပ်ဆောင်ခိုင်းတာ။ အဲဒါက ဇူလိုင်လ ၁၅ ရက်နေ့ အစည်းအဝေးအပြီးမှာ ထုတ်ပြန်တဲ့လမ်းညွှန်ချက်နဲ့အညီ လုပ်တာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ကောင်စီ၏ လိမ်လည် ဝါဒဖြန့်မှုများတွင် ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင် လ ၂၂ ရက်နေ့အထိ TNLA ၄ ဦး၊ MDY PDF ၁၅ ဦး၊ DPLA ၄၁ ဦးအလင်းဝင်သည်ဟု လည်းကောင်း၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် MDY PDF ၉ ဦးထပ်မံ အလင်းဝင်သည်ဟုလည်းကောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် MDY PDF ၁၅ ဦး အလင်းဝင်သည်ဟုလည်းကောင်း လိမ်လည် ဝါဒဖြန့်ခဲ့ကြောင်း၊ အဆိုပါ အလင်းဝင်သည်ဆိုသော သူများမှာ ယခင်ကလည်း အခမ်းအနားဖြင့် အလင်းဝင်သည်ဟု ဝါဒဖြန့် သရုပ်ဆောင်ခိုင်းခဲ့ပြီးသူများဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီက ထိုသို့ ဝါဒဖြန့်မှုများ လုပ်ဆောင်ရာတွင် နယ်မြေတပ်ရင်းများနှင့်တိုင်းစစ်ဌာနချုပ်များကို အလင်းဝင်သည့် အခမ်းအနားများ မဖြစ်မနေ ဖန်တီး ဝါဒဖြန့်ရန် ညွှန်ကြားခဲ့သဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များကလည်း နီးစပ်ရာ ယခင် PDF အဟောင်းများကို ပြန်လည်ခေါ်ယူ လိမ်လည် ဝါဒဖြန့်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
