ရန်ကုန်၊ ဇွန် ၂၆
တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များက မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်း ဝယ်နေဟု အကြမ်းဖက်စစ်တပ်၏ ပြည်ထဲရေးဝန်ကြီး ညွန့်ဝင်းဆွေက ပြောဆိုလိုက်သည်။
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် ညွန့်ဝင်းဆွေက အထက်ပါအတိုင်း ပြောဆိုမှုများ လုပ် ဆောင်လာခြင်းဖြစ်သည်။
အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်းနှင့် ရောင်းဝယ် ဖောက် ကားခြင်းများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ၊ မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးထုတ် လုပ်မှုနှင့် လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သုံးစွဲမှု၊ သယ်ဆောင်ရောင်းဝယ်မှု ပြဿနာများကို ရင်ဆိုင်နေရကြောင်း၊ ယင်းပြဿနာများကို ဖြေရှင်းရန် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့ကို ဖွဲ့စည်း၍ ဆောင်ရွက်နေရကြောင်း သူက ပြောဆိုသည်။
သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးမတည်ငြိမ်မှုများကို အခွင့် ကောင်းယူ၍ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF များသည် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ဖမ်းဆီးရမိမှုဖြစ်စဉ်များက သက်သေခံနေသည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယင်းလက်နက်ကိုင်အဖွဲ့များသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ ရရှိလာသည့် ဝင်ငွေများဖြင့် လူသစ်စုဆောင်းခြင်း၊ လက်နက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခြင်းတို့ကို ဆောင်ရွက်နေပြီး နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေသည့် လုပ်ရပ်များကို ကျူးလွန်နေကြောင်းလည်း ညွန့်ဝင်းဆွေက ဆက်လက်ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်ကလည်း “ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနှင့် တိုင်း ရင်းသားအရေးကို အကြောင်းပြ၍ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် အကြမ်း ဖက်သမားများသည် မူးယစ်ဆေးဝါးကုန်သွယ်မှုမှ အဓိကဝင်ငွေရှာဖွေနေကြသည့်အပြင် Online လိမ်လည်မှု၊ Online လောင်းကစားမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကိုလည်း ကျူးလွန်နေကြောင်း၊ ယင်းလုပ်ရပ်များကြောင့် အကြမ်းဖက်သမားများ သက်ဆိုး ရှည်နေပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေသဖြင့် နိုင်ငံတစ်ဝန်း အထူးစစ်ဆင်ရေးများ ဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ညွန့်ဝင်းဆွေက စစ်ကောင်စီအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးစစ်ဆင်ရေး ၄၁ ကြိမ် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်အတွင်းလည်း နောက်ထပ် အထူးစစ်ဆင်ရေးတစ်ရပ်ကို စီမံဆောင်ရွက်နေကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများအတွင်း စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်အချို့ အသက်ဆုံးရှုံးခဲ့ရကြောင်း ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၃၇၀ မှု၊ တရားခံ ၇၅၆၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး မြန်မာကျပ်ငွေ ၁၇၆၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်တပ်က ၎င်းကို ဆန့်ကျင်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်း၊ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု အကြိမ်ကြိမ် စွပ်စွဲပြောဆိုလေ့ရှိသည်။




