မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ဇီးပင်ကြီးကျေးရွာရှိ နေအိမ် ရာချီကို စစ်တပ်က ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးသဖြင့် ပြည်သူ ရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာရှိ နေအိမ် ၃၀၀ ဝန်းကျင်နှင့်ဘုန်း ကြီးကျောင်းများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်အမိန့်အရ ဇူလိုင်လ ၂၂ ရက်နေ့ နောက်ဆုံးထား ဖျက် သိမ်းခိုင်းခဲ့ပြီး မဖျက်သိမ်းလျှင် ထောင်ဒဏ်ချမှတ်အရေးယူမည်ဟု စစ်တပ်က ခြိမ်း ခြောက်ခဲ့ကြောင်း၊ ယင်းနောက် ဇူလိုင်လ ၂၃ ရက်နေ့မှစတင်ပြီး စစ်တပ်က ယင်းကျေးရွာရှိ နေအိမ်များကို မြေကော်စက်များ၊ ဘူဒိုဇာများဖြင့် အင်အားသုံး ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၄ ရက်နေ့ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာအုပ်စုရှိ နေအိမ်များမှာ မြေလွတ်မြေရိုင်းပေါ်တွင် ကျရောက်နေပြီး ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားသည်ကို ကွင်းဆင်းတွေ့ရှိရသဖြင့် ဖယ်ရှားရန်လိုအပ်သည်ဆိုသော အမိန့်စာကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်မြေစာရင်းဦးစီးဌာန ထုတ်ဆင့်လာကြောင်း၊ အဆိုပါ မြေလွတ်မြေရိုင်းတွင် တည်ဆောက် ထားသော နေအိမ်များ အပါအဝင် အဆောက်အအုံများကို ၇ ရက်နေ့တွင်း ဖယ်ရှားရန် ပြည်သူများကို စစ်တပ်က အမိန့်ပေးခဲ့သည်။
“ပြည်သူတွေ အများကြီး အိုးမဲ့ အိမ်မဲ့တွေ ဖြစ်ကုန်ပါပြီ။ ဘယ်သူမှလည်း မကူနိုင်ပါဘူး။ အိမ်တွေကို အင်အားသုံးပြီး ဖျက်ဆီးသွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဇီးပင်ကြီးကျေးရွာမှာ နှစ်ပေါင်းများစွာကတည်းက ဓားမဦးချ တောင်သူများနှင့် ပြည်သူများက ရွာတည်ဆောက် နေထိုင်ကြခြင်းဖြစ်ကြောင်း၊ ယခင်တောနက်ကြီးကို ပြည်သူများက ဖယ်ရှားရှင်းလင်းကာ နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအချိန်တွင်မှ စစ်တပ်က နိုင်ငံတော်ပိုင်ဆိုင်သော မြေလွတ်မြေရိုင်းဟုဆိုကာ ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်သည်။
ဇီးပင်ကြီးကျေးရွာမှ နေအိမ်များကို မဖျက်ပေးပါက မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲဥပဒေများဖြင့် ကျူးကျော် နေထိုင်သူများကို ထောင်ဒဏ် ၂ နှစ်ထက်မပိုသော ထောင် ဒဏ်နှင့် ငွေကျပ် သိန်း ၅၀ ထက်မပိုသော ငွေဒဏ် ၊ ဒဏ်နှစ်ရပ် ၂ ရပ်စလုံးကိုဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်ခဲ့သည်။
