ရန်ကုန်၊ ဇူလိုင် ၂၆
မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် လူ့အခွင့်အရေးချိုးဖောက်မှု၊ သတ်ဖြတ်မှု၊ နှိပ်စက်မှု၊ ထောင်ပြောင်းရွှေ့မှုများအ တွက် တာဝန်ရှိသော အကျဉ်းဦးစီးအရာရှိနှင့် ဝန်ထမ်း ၁၃၀ ကျော်စာရင်းကို ထုတ်ပြန်လိုက်ပြီး တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါ တာဝန်ရှိသူများကို ဖမ်းဆီးအရေးယူရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ကတောင်းဆိုလိုက်သည်။
အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ထောင်ပြောင်းရွှေ့မှုများ လုပ် ဆောင်နေသည့် အကျဉ်းဦးစီးဌာနအရာရှိနှင့် ဝန်ထမ်းများကို သက်ဆိုင်ရာ တော်လန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက စိစစ်စစ်ဆေးဖမ်းဆီးခြင်း ပြုလုပ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM တောင်းဆိုလိုက်ပြီး မတရားမှု ကျူးလွန်းသည့် အကျဉ်းဦးစီးဝန်ထမ်း ၁၃၃ ဦး၏ အချက်အလက်များကိုလည်း ထုတ်ပြန်ခဲ့သည်။
PPNM က ထုတ်ပြန်လိုက်သည့် အကျည်းဦးစီးဌာန အရာရှိနှင့်ဝန်ထမ်းများသည် အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ထောင်ပြောင်းရွှေ့မှုတစ်ခုချင်းဆီတိုင်းအတွက် တရားမျှတမှုဖော်ဆောင်ရေးကဏ္ဍတွင် တာဝန်ယူမှုကို အပြည့်အဝ ခံယူကြရမည်ဖြစ်ကြောင်း PPNM က ဆိုသည်။
“လက်ရှိ ကျနော်တို့ ထုတ်ပြန်ထားတဲ့ လူတွေက နေပြည်တော် အကျဉ်းဦးစီးဌာနရဲ့ ရုံးချုပ်မှာ ထိုင်ပြီးမှ တာဝန်ယူဆောင်ရွက်နေတဲ့ လူတွေရယ်၊ ပြီးတော့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင် ၄၀ ကျော်မှာ တာဝန်ယူအုပ်ချုပ်နေတဲ့ ၊ ရဲဘက်စခန်းအချို့မှာပါ တာဝန်ယူအုပ်ချုပ်နေတဲ့ ထောင်အာဏာပိုင်တွေရဲ့ အမည်ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ထောင်ပိုင်တွေရဲ့ အမည်တွေနဲ့ မှတ်ပုံ တင်အမှတ်တွေ ဖြစ်ပါတယ်။ ၁၃၀ ကျော်ဆိုတာ တကယ်တော့ နည်းပါသေးတယ်။ အကျဉ်းဦးစီးဝန်ထမ်းက ၇၀၀၀ ကျော် အသေးစိတ်အချက်အလက်တွေကို ရရှိထားတာဖြစ်တယ်။ ဒါဟာ ကနဦးထုတ်ပြန်သတိပေးရမယ့် လူတွေ ဖြစ်နေလို့ သတိပေးရတာဖြစ်တယ်” ဟု PPNM ၏ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကျဉ်းဦးစီးဌာနလက်အောက်ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက် အသေးစိတ်များကို PPNM အနေဖြင့် အတည်ပြုရရှိစိစစ်ထားပြီးဖြစ်ပြီး အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများ၊ ပါဝင်ပတ်သက်သည့် ဝန်ထမ်းများကို ထိရောက်သည့် တရားမျှတမှု ပြန်လည်ရယူသွားမည်ဟု ထုတ်ပြန်သည်။
လက်ရှိထုတ်ပြန်လိုက်သည့်စာရင်းသည် ပထမ ဦးစားပေး စစ်ဆေးရမည့် စာရင်းကို ထုတ်ပြန်ခြင်းဖြစ်ပြီး အခြား အဆင့် ဝန်ထမ်းများ၏ အချက်အလက်များကို လျှို့ဝှက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ဒီလူတွေဟာ အဓိက ထောင်တွေမှာ ဦးဆောင်နေတဲ့ လူတွေ ဖြစ်တဲ့အတွက် သူတို့တွေရဲ့ စိတ်နေ စိတ်ထားပေါ်မူတည်ပြီးတော့ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားတွေက ဖိနှိပ်မှု ချုပ်ချယ်မှုကို ခံနေရတာဖြစ်တယ်။ ထောင်အာဏာပိုင်တွေဟာ အဲဒီထောင်တွေမှာတော့ ဘုရင်ငယ်တွေဖြစ်တယ်။ သူတို့ လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ နေရာမှာတော့ ကျွန်တော်တို့တွေက ဘာမှတော့ မတတ်နိုင်ဘူး။ မလုပ်ပါနဲ့လို့ ပြောရုံပဲ ရှိတယ်။ လက်တွေ့ကျတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရမှာက ကာကွယ်ရေးအင်အားစုတွေနဲ့ သက်ဆိုင်ရာ EAO တွေ ဖြစ်တယ်။ အဲဒီတော့ ရရှိအချက်အလက်တွေကို အကုန်လုံးကို ထုတ်ပြန်တော့မှာမဟုတ်ဘူး ။ အရေးကြီးတာတွေကိုပဲ ထုတ်ပြန်တာဖြစ်တယ်။ အဓိက လိုချင်တာ တရားမျှတမှုပဲ ဖြစ်ပါတယ်။ သူတို့တွေကို ကျွန်တော်တို့တွေက ဒီလိုမျိုးအခြေအနေမှာ ဘာမှမလုပ်နိုင်ဘူးဆိုရင်တောင်မှ တရားမျှတမှု ပြန်လည်ဖော်ဆောင်တဲ့ အကူးအပြောင်းကာလမှာ ပါဝင်ပတ်သက်သူတွေကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှု၊ တာဝန်ခံမှု တာဝန်ယူမှုရှိစေရေးဆောင် ရွက်သွားမှာ ဖြစ်တယ်လို့ ပြောလိုပါတယ်” ဟု PPNM ၏ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆိုသည်။
အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ဥပဒေမဲ့ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ထောင်ပြောင်းရွှေ့မှုတစ်ခုချင်းစီတိုင်းအတွက် တရားမျှတမှုဖော်ဆောင်ရေးကဏ္ဍတွင် တာဝန်ယူမှုကို အပြည့် အဝ ခံယူကြရမည့် အကျဉ်းထောင်ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ဆက်လက်ထုတ်ပြန် ဖြန့်ဝေမည်ဖြစ်ကြောင်း သိရှိရသည်။
