မန္တလေးတိုင်း၊ မလှိုင်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ရုပ်အလောင်း ၅ လောင်းနှင့် သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မိတ္ထီလာခရိုင် အမှတ်(၂) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မလှိုင်မြို့နယ် အောင်သာရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အင်အား ၁၂၀ ကျော်ဖြင့် မြင်းသေရွာရွာဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းထိတွေ့ တိုက်ပွဲသည် ၃ နာရီကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကာ စစ်တပ်ကဘက်မှ လေကြောင်း ပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ခြင်းကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၁၀ ကောင်သေပြီး အလောင်း ၅ လောင်းနဲ့ သေနတ် ၃ လက်ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ သူတို့ဘက်က လေကြောင်း ပစ်ကူရောက်လာတဲ့ အတွက် ကျနော်တို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်” ဟု မိတ္ထီလာခရိုင် အမှတ်(၂) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီတပ်သား အလောင်း ၅ လောင်း၊ G-3 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ G-3 ကျည်ဘောက် ၃ ဘောက်၊ ၅.၅၆ ကျည် ၁၀၀ ကျော်၊ G-3ကျည် ၁၀၀ ကျော်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


