30.4 C
Yangon

မိုးကုတ်မြို့အနောက်ပိုင်းကို မိုးသည်းထန်စွာ ရွာသွန်းနေချိန် စစ်လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကျဲချမှု ပြည်သူများ ထိခိုက်သေဆုံးမှုတချို့ရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂

မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့အနောက်ပိုင်းကို မိုးသည်းထန်စွာ ရွာသွန်းနေချိန် စစ်လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကျဲချသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှာ စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက် ဗုံးကျဲချခဲ့ကြောင်း၊ စစ်တပ် ကျဲချသည့် လေယာဉ်ဗုံးက မိုးကုတ်မြို့ အနောက်ပိုင်း၊ ဂေါင်းဦးဘာထိပ် ရွှေမောင်းအရက်ဆိုင်အနီးရှိ အထည်သို့ ကျရောက်ကာ ပြည်သူတချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

“ဗုံးကျဲတာ လူသေဆုံးမှုရှိတယ်လို့ ပြောတယ်။ ၃ ဦးသေတယ်လည်းပြောနေတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်ပြောတယ်။ အခုမှ ဗုံးကျဲသွားတာဆိုတော့ နောက်ထပ် လေယာဉ်လာနိုင်သေးလို့ စိုးရိမ်နေရတယ်။ မိုးကလည်း ရွာနေတယ်။ မနက်က လာကျဲတုန်းကလည်း လေယာဉ်သံက မိုးသံနဲ့ဆိုတော့ မကြားလိုက်ရဘူး။ လာကျဲတာက နေရာအတိအကျ လာကျဲတာဆိုတော့ သတင်း ပေးရှိပုံပဲ” ဟု မိုးကုတ်မြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က TNLA သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို တောက်လျှောက်ဆိုသလို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိရာ မေလ၊ ဇွန်လနှင့် ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။

ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ် တပ်က မိုးကုတ်မြို့ပေါ်ကို လေယာဉ်ဖြင့် ဗုံး ၇ လုံးကျဲချခဲ့ကြောင်း၊ ယင်းနောက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲချသွားသည်။

အလားတူ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၉ မိနစ်အချိန်တွင်လည်း မိုးကုတ်မြို့နယ်၊ အရှေ့ရွာ၊ ဘီးတောင်၊ RQ ဟိုတယ်အနီးဝန်းကျင်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးထပ်မံ ကျဲချခဲ့ပြီး ယနေ့ နံနက်ပိုင်း ၃ ကြိမ်မြောက် လေ ယာဉ် ဖြင့် ဗုံးကျဲချခဲ့သည်။

ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာဖြင့် ရွှေလိပ်ပြာ ဟိုတယ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။

ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံးလည်း ထိခိုက် ပျက်စီးခဲ့သည်။

ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီ ၁၈ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်မှ တက်လာသော စစ်လေယာဉ်က မိုးကုတ်မြို့အရှေ့ပိုင်း၊ တောင်ကချင်ရပ်ကွက်၊ ပန်းမ ထိပ်ဘက်ခြမ်းရှိ ကုလားခြံထဲသို့ ပေါင် ၃၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ အဆိုပါ ဗုံးမှာ လူနေရပ်ကွက်ရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကလေးငယ် များအပါအဝင် ပြည်သူ ၈ ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်အချိန်ကလည်း စစ်ကောင်စီက မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဘာလျှိုစာသင်ကျောင်းအနီးသို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၃ မိနစ်အချိန် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အရှေ့ပိုင်း၊ အုန်းကိုင်းဘုန်းကြီးကျောင်းအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် အုန်းကိုင်းကွက်သစ်မှ နေအိမ်များ၊ ကားများ ပျက်စီးပြီး အုန်းကိုင်း ဘုန်းကြီးကျောင်းမှာမူ မျက်နှာကျက်ပြိုကျခြင်း၊ ဆွမ်းစားဆောင်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

မေလ ၁၃ ရက်နေ့ ည ၁၁ နာရီ ၄၉ မိနစ်အချိန် TNLA သိမ်းပိုက်ထားသော မန္တလေးတိုင်း၊ မိုးကုတ်မြို့ နယ် ရွှေလိပ်ပြာအနီးတဝိုက်သို့ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article