ရန်ကုန်၊ ဩဂုတ် ၁၇
အကြမ်းဖက် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုအတွင်း KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ သေဆုံးသည်ဆိုသော မဟုတ်မမှန် သတင်းများ စစ်တပ်က ထုတ်လွှင့်နေခြင်းမှာ မုသာဝါဒဖြန့်ချိနေခြင်းဖြစ်ကြောင်း KNU ဗဟိုအလုပ်မှုဆောင်လည်းဖြစ် ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၁ ရက်နေ့ အကြမ်းဖက်စစ်တပ်က KNU ဗဟိုဌာနချုပ်ကို လေ ယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာတွင် KNU စစ်ဦးစီးချုပ် စောဂျော်နီ သေဆုံးသွားပြီး သေဆုံး ၇၀ ဦးနှင့် နောက်တစ်နေ့တွင် ဒဏ်ရာရရှိသူ ၃၀ ဦး ထပ်မံ သေဆုံးခဲ့သည်ဆိုသော မဟုတ်မမှန်သတင်းများကို စစ်တပ်၏ News of Myanmar (NOM) တယ်လီဂရမ်ချန်နယ် အပါအဝင် စစ်တပ်ထောက်ခံသော လော်ဘီ ချန်နယ်များတွင် ဩဂုတ်လ ၁၆ ရက်နေ့ တစ်ပြိုင်နက်တည်း သတင်းများ ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။
“မိုးလုံးပြည့် မုသာဝါဒသက်သက်ပါပဲ” ဟု KNU ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ပဒိုစောတောနီးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ဩဂုတ်လ ၁၀ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ကရင် ပြည်နယ်၊ KNU တပ်မဟာ ၇ ဌာနချုပ် မော်ပယ်ခိုနှင့် သေ့ဘေထ နေရာများကို Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ်တချို့ မီးလောင်ပြီး KNLA ရဲဘော် ၁ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်က တစ်ဖက်တွင် သတင်းအမှားများ ထုတ်လွှင့်နေချိန် ကော့ကရိတ်-မြ၀တီ အာရှလမ်းမကြီးကို ရရှိရန် အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
KNLA နှင့်ပူးပေါင်း တပ်များက အာရှလမ်းမကြီးတွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်နေသည့်အပြင် ထိုင်း-မြန်မာနယ်စပ်တွင်လည်း ဝေါလေ စစ်တပ်ဗျူဟာစခန်းကို ဆက်လက်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
