ရန်ကုန်၊ စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်ကူစစ်ကြောင်းမှ စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေးသွားသဖြင့် စစ်တပ်က ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း ကရင် စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ခမရ ၅၄၅ တပ်သို့ စစ်မှုထမ်းတပ်သားသစ်များနှင့် ပြည် သူ့စစ်များ စစ်ကူ ပေးပို့လာကြောင်း၊ ထိုသို့ ပေးပို့လာသော စစ်ကူစစ်ကြောင်းမှ စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေးထွက်သွားကြောင်း၊ ယင်းသို့ ထွက်ပြေးသွားသည့် အတွက် ကျုံဒိုးမြို့ အပါအဝင် စစ်မှုထမ်းတပ်သားသစ်များ ဖြတ်သန်းနိုင်ဖွယ်ရှိသည်ဟု ယူ ဆ ရသော နေရာပေါင်းစုံကို စစ်တပ်က ပိတ်ဆို့ ရှာဖွေနေကြောင်း သိရှိရသည်။
ထွက်ပြေးသွားသော စစ်မှုထမ်းတပ်သားသစ်များအနက်မှ စစ်မှုထမ်းတပ်သားသစ် ၆ ဦးကို ပြန်လည် ဖမ်းဆီးရရှိသွားကြောင်း သိရှိရသည်။
“ကျုံဒိုး ထမင်းဆိုင်မှာ ထွက်ပြေးသွားတဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦးပြန်ဖမ်းမိတယ်။ အခု ကျန်တဲ့ လွတ်နေတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ ပြန်ဖမ်းမိဖို့ ဂျိုင်းတံတား၊သာမည၊အိန္ဒု ၊ဖားအံသံလွင်တံတားတွေမှာ ပိတ်ဆို့ ရှာဖွေနေတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော ကျုံဒိုးမြို့ အင်ကြီးရွာတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းမှ စစ်သားများ KNLA တပ်များထံသို့ အလင်းဝင်မှုများလည်းရှိနေကြောင်း ၊ ဩဂုတ်လ ၂၀ ရက်နေ့မှ ဩဂုတ်လကုန်အထိ ကျုံဒိုးမြို့ဝန်းကျင် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၄၀ ဝန်းကျင်သေဆုံးခဲ့ပြီး စစ်မှုထမ်းတပ်သားသစ်များ ပါဝင်ကြောင်း သိရှိရသည်။
“ဩဂုတ်လ ၂၀ ရက်နေ့က ဩဂုတ်လကုန်အထိ သေဆုံးစစ်သား ၄၀ ဝန်းကျင်ရှိတယ်။ အလောင်းကောက်လို့ရတာတွေကို ဂျိုင်းရွာသင်္ချိုင်း မှာ ရွာအုပ်ချုပ်မှူးတွေကို မြှုပ်ခိုင်းတယ်။ ဒဏ်ရာရတွေကိုတော့ ဂျိုင်းရွာမှာရှိတဲ့ နာရေးကူညီမှု ကား တွေကို ချောဆွဲပြီး ဘားအံ တောင်က လေး ဆေးရုံ ပို့နေတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ကျုံဒိုးမြို့တစ်၀ိုက်တွင် ဗိုလ်အယ်စေးဝါး ဦးဆောင်သော စစ်ကြောင်း အပါအဝင် KNLA မဟာမိတ်တပ်များက စစ်တပ်ကို တိုက်ခိုက်နေသဖြင့် စစ်တပ်က လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် ကျေးရွာများသို့ ဦးတည်ပစ်ခတ်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျုံဒိုးမြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်းများဖြစ်ပါသည်။)


