25.7 C
Yangon

ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံး ၆၀ ကျော် ကျဲချ တိုက်ခိုက်၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံး ၆၀ ကျော် ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် ပေါက်မြို့နယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကို တံတားဦး လေတပ်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ Y-12 ဗုံးကျဲ လေယာဉ်က နံနက် ၆ နာရီခန့်မှ စတင်ပြီး နံနက် ၇ နာရီထိ ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပေါက်မြို့နယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ပြည်သူတွေကတော့ ရွာလုံးကျွတ်ကို ပြေးနေရတယ်။ အဲဘက်ရွာတွေက ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေမရလို့ မြေပြင် ထိခိုက်မှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်တာတွေ ဆက်လက် လုပ်ဆောင်လာမှာကို ပြည်သူတွေက ကြောက်လန့်လို့ တိမ်းရှောင်နေရတာ” ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ယမန် နေ့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ်က ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ဗုံး ၃၅ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာများကို Y-12 လေယာဉ်ဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း၊ ယင်းဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းသည်လည်း ပေါက်မြို့နယ် အတွင်းမှ ဆိပ်ဖြူမြို့နယ် အတွင်းကို ထွက်ခွာနေပြီး ထိုစစ်ကြောင်းတွင် ကား အစီးရေ ၁၀၀ ကျော်ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာများကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article