စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် SNA ပူးပေါင်း အဖွဲ့ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း People’s Defence Force Katha District B-04 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၃နာရီခန့်တွင် ဗန်းမောက်မြို့နယ်၊ နားယကာကျေးရွာ အနီး၌ ရှမ်းနီ (SNA) အဖွဲ့က 4 wheel ကားဖြင့် တော်လှန်းရေးတပ်ဖွဲ့ဝင်များ၏ အရှေ့တန်း စိုးမိုးနယ်မြေများ အတွင်းသို့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက် ပစ်ခတ်ခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူပိုင် နေအိမ်များ အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို တိုက်ခိုက်မှုအတွင်း ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ဘက်မှ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“သေဆုံးမှု အရေအတွက်ကိုတော့ သေချာမသိရသေးပါဘူး။ စုံးစမ်းဆဲပါ။ အင်အားကတော့ 4 wheel တစ်စီးနဲ့ စစ်ခွေးတွေ အပြည့် တင်လာပြီး ဝင်ရောက် ပစ်ခတ်တာ တိုက်ပွဲကတော့ မိနစ်ပိုင်းလောက်ပဲ ဖြစ်ပွားခဲ့တာပါ။ စစ်ခွေးတွေကတော့ ပြန်လည် ဆုတ်ခွာသွားတယ်”ဟု People’s Defence Force Katha District B-04 မှ တာဝန်ရှိသူက ပြောဆိုသည်။
ဗန်းမောက်မြို့နယ် မြောက်ပိုင်း နှင့် အနောက်ခြမ်း ဒေသများတွင်လည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
